ရန်ကုန်၊ စက်တင်ဘာ ၁၇
AA ၏ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က လက်ရှိ အချိန်သည် အဆုံး သတ် နှင့် အဆုံးအဖြတ် ပေးမည့် တိုက်ပွဲအချိန်ရောက်နေပြီဖြစ်သည်ဟု သူ၏ လူမှု ကွန်ရက်စာ မျက်နှာမှ တစ်ဆင့်ပြောဆိုလာသည်။
စက်တင်ဘာ ၁၆ ရက်နေ့တွင် ဒုဦးစီးချုပ်ဒေါက်တာညိုထွန်းအောင်က “အဆုံး သတ်နဲ့ အဆုံးအဖြတ်တိုက်ပွဲကျတဲ့အခါ ကျနော်/ကျမတို့ကို ပြောပါလို့ ပြော ထား ဖူးတဲ့ ညီလေး၊ ညမလေးတို့ကို တိုးတိုးလေးပြောလိုက်ပါ့မယ်။ အခုအဲ့အချိန်ရောက်ပြီ ” ဟုရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။
ရခိုင်ဒေသတွင် ရက္ခိုင်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ လတ်တလောတိုက်ပွဲဖြစ်ပွားမှုနှုန်းများမှာလည်း အရှိန်မြင့်လျက်ရှိနေပြီး စစ်ကောင်စီဖက်မှလည်း တပ်စခန်း ၃ ခုထက်မနည်း လက်လွှတ်ဆုံးရှုံးထားရကာ ထိခိုက်သေဆုံးမှုများနှင့် လက်နက်ခဲယမ်းဆုံးရှုံးမှုတို့လည်းရှိနေသည်။
စစ်ကောင်စီဖက်မှ လက်လွှတ်ဆုံးရှုံးထားရသည့် တပ်စခန်းများမှာ မောင်တောမြောက်ပိုင်း မိုင်တိုင် ၄၀ အနီးတပ်စခန်းတစ်ခု၊ ခမရ ၃၅၂ တပ်ရင်းများဖြစ်ကြောင်း ရက္ခိုင့်တပ်တော်ဖက်မှ တရားဝင််ထုတ်ပြန်ထားသည်။
ယင်းအပြင် စက်တင်ဘာ ၁၅ ရက်နေ့ ညနေပိုင်းတွင်လည်း မောင်တောမြို့နယ် မီးတိုက်ရွာနှင့် မိုင်တိုင် ၃၅ ကြားရှိ လက်နက်ကြီးအထိုင်ချစခန်းတစ်ခုကို ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ရရှိမှုရှိခဲ့ကြောင်း ၎င်းဒေသမှ သတင်းရင်းမြစ်များကပြောသည်။
စစ်ရေးအရှိန်မြင့်လျက်ရှိနေသည့် ရခိုင်ဒေသတွင် စစ်ကောင်စီဖက်မှ စစ်ရေးလှုပ်ရှားမှုများအတွက် အရပ်သားရေယာဥ်များကို အသုံးပြုကာ ရေကြောင်းကိုအဓိအသုံးပြု လှုပ်ရှားလာနေကြသည်။
အဆိုပါအခြေနေများကြောင့် ရက္ခိုင့်တပ်တော်ဖက်မှ ရေကြောင်းသွားလာသည့်ယာဥ်များအား ၎င်းတို့ဖက်မှ စစ်ဆေးမှုပြုလုပ်သွားမည်ဖြစ်သည်ဟု ထုတ်ပြန််ထားသည်။
စက်တင်ဘာ ၁၆ ရက် နေ့လည်ပိုင်းခန့်တွင် တောင်ကုတ်မြို့ ရွှေလင်းယုန်ဆိပ်ကမ်းတွင် ရိက္ခာတင်နေသည့် စစ်ကောင်စီရေယာဥ်တစ်စီးအား ရက္ခိုင့်တပ်တော်ဖက်မှ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။
ထိုသို့သောအခြေနေများကြားတွင် စစ်ကောင်စီတပ်ဖက်မှ တိုက်ပွဲဧရိယာတစ်ဝိုက်တွင် လေကြောင်းအသုံးပြုတိုက်ခိုက်ခြင်း၊လက်နက်ကြီးအဆက်မပြတ်ပစ်ခတ်ခြင်း၊ သွားလားရေးလမ်းကြောင်းများအား ကန့်သတ်ထားခြင်း၊ မြို့နယ်အနှံ့တွင် မြို့တွင်းလုံခြုံရေးတိုးချဲ့ချခြင်း၊ ဒေသခံများအား တင်းကျပ်စွာစစ်ဆေးမှုတို့ပြုလုပ်ကာ ဖမ်းဆီးအရေးယူခြင်းတို့ဆက်တိုက်လုပ်ဆောင်လျက်ရှိနေသည်။
ဓာတ်ပုံ- AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်။ (ပုံအဟောင်းဖြစ်သည်)
Photo Credit- drnyotwanawng.com
(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)