ရန်ကုန်၊ စက်တင်ဘာ ၁၈
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တိပိဋက ယောဆရာတော်ကြီး၏ မွေးဖွားရာဇာတိ လက်ပန်ရွာရှိ ” တိပိဋက မေတ္တာဆေးရုံ ” ကို စစ်ကောင်စီ တပ်က အကြမ်း ဖက် ဝင်ရောက်စီးနင်းရှာဖွေကာ ဆရာဝန်၊သူနာပြုများထံမှ ရွှေ၊ငွေ လက်ဝတ်ရတနာများကို ယူဆောင်သွားသည်။
စက်တင်ဘာလ ၅ ရက်နေ့မနက် ၉ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်မှ စစ်သား ၁၅ ယောက်ခန့် မြင်းဇာရွာမှလမ်းပြ ၂ ယောက်နှင့်အတူ ရွာ အဝင်ကတည်းက လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး ဆေးရုံထဲကို ဝင်လာကြကြောင်း မျက်မြင်တွေ့သူကဆိုသည်။
ယောဆရာတော်ကြီး၏ ညီအရင်းဖြစ်သူ ဦးသာဒင် အသက် ၇၀ကျော်အဘိုးအိုကိုလည်း ဖမ်းဆီးရိုက်နှက်နေရာ ယောဆရာတော်ကြီး၏ ညီအရင်းဖြစ် ကြောင်း ပြောပြမှ ပြန်လွှတ်ပေးကြောင်း ဒေသခံတစ်ဦးကဆိုသည်။
ဆေးရုံရောက်သောအခါ ဆရာဝန်၊ သူနာပြု၊ ဝန်ထမ်းများကို စုထိုင်ခိုင်းပြီး ဖုန်းများကို သိမ်းယူ၍ ဆေးခန်းအတွင်းကို အသေးစိတ်ဝင်ရှာကြပြီး ရွှေ၊ ငွေများကို ယူသွားကြကြောင်း ၊ PDF များကို ဆေးမကုပေးရဟုဆိုကာ လက်မှတ်ထိုးခိုင်းကြောင်း စုံစမ်းသိရှိရသည်။
မြင်းဇာရွာမှခေါ်လာသော လမ်းပြ ၂ ယောက်အနက်မှ လမ်းပြတစ်ယောက် ၏ဇနီးက တိပိဋကမေတ္တာဆေးရုံ၌ မီးဖွားနေသဖြင့် ရွှေလက်စွပ်တစ်ကွင်းကို ကလေးအတွက် ခမဲပေးသည်ဆိုကာပေးသွားကြောင်း၊ ယင်းလက်စွပ်မှာ တခြားရွာမှ လုယူလာသော လက်စွပ်ဖြစ်ကြောင်း မျက်မြင်တွေ့သူတစ်ဦးက ထပ်မံပြောဆိုသည်။
တိပိဋကယောဆရာတော်ကြီးသည် တိပိဋကမေတ္တာဆေးရုံအတွက် ငွေကျပ်သိန်းပေါင်း လေးသောင်းကျော်ဖြင့် မတည်လှူဒါန်းထားပြီး ဆရာဝန်သုံးဦး၊ သူနာပြုများ၊ ဝန်ထမ်းများအား စရိတ်ငြိမ်း နေထိုင်စားသောက်နိုင်ရန် စီစဥ်ပေးထားကာ လစာငွေများပေးသည့်အပြင် လေးလတစ်ကြိမ် ထိုက်ထိုက်တန်တန် ဆုများချီးမြှင့်ပေးပြီး ဒေသအတွင်းရှိ ပြည်သူများအား အခမဲ့ဆေးကုသနေသည်မှာ (၂၀၁၄) ခုနှစ်မှစ၍ ယနေ့အချိန်အထိ ဖြစ်သည်။
ယောဆရာတော်ကြီးက မေတ္တာဆေးရုံ ဝင်စီးခံရမှု၊ ညီတော်အရင်းဖြစ်သူ ရိုက်နှက်ခံရမှု၊ ကျန်းမာရေးဝန်ထမ်းများထံမှ ပစ္စည်းများ အလုခံရမှု သတင်းများကို ကြားသဖြင့် မျက်နှာမကောင်းဖြစ်နေပြီး မေတ္တာပို့၊ သစ္စာဆိုရန်သာ မိန့်ဆိုကြောင်း ဆရာတော်အနီးတွင် နေသူတစ်ဦးကဆိုသည်။
စစ်တပ်ဝင်လာသဖြင့် လက်ပန်ရွာတွင် နေထိုင်သော ရွာသူရွာသားများမှာ ကြောက်ရွံပြီး နေအိမ်များကိုစွန့်ခွာ ထွက်ပြေးကြကြောင်း၊ လူမရှိသောအိမ်များမှ ရွှေ၊ ငွေများနှင့် အဖိုးတန်ပစ္စည်းများကို စစ်တပ်က လုယက်ယူဆောင်သွားကြကြောင်း၊ လေဖြတ်နေသဖြင့် ထွက်မပြေးနိုင်သည့် အဘိုးအိုအိမ်ထံမှ ဝက်တစ်ကောင်ကိုယူပြီး သတ်စားကြကြောင်း သိရသည်။
“ဦးဆောင်သူဗိုလ်ကြီးဆိုသူက သူ့တပ်ခွဲက ရဲဘော်တွေကိုတော့ သူတာဝန်ယူတယ်၊ ကျန်တဲ့သူတွေကိုတော့ သူတာဝန် မယူနိုင်ဘူး၊ မတစ်ထောင်သားတွေ ဖြစ်နေလို့ ဘာမှပြောလို့ ရမှာမဟုတ်ဘူး၊ သူတို့လုပ်ချင်တာ လုပ်မှာပဲ ” ဟုပြောကြောင်း ဒေသခံတစ်ဦးကဆိုသည်။
စက်တင်ဘာလ ၆ ရက်နေ့မနက်ပိုင်းတွင် လက်ပန်ရွာမှ ပြန်ထွက်သွားကြပြီးနောက် ယင်းနေ့ညနေ ၄ နာရီခွဲတွင် ထပ်မံပြန်ရောက်လာကာ ” ယောဆရာ တော်ကြီးရဲ့ ရွာဖြစ်နေလို့ မီးမရှို့တာ၊ မဟုတ်ရင် ပြာပုံဖြစ်သွားမယ်၊ ဆရာတော်ကြီးကို အမင်္ဂလာသတင်းတွေ မကြားစေချင်လို့ မလုပ်တာ ” ဟုပြောပြီး ရွာတွင် တစ်ညအိပ်သွားကြောင်း ဒေသခံများကဆိုသည်။
စစ်အာဏာမသိမ်းခင်က နေ့စဥ် လူနာရာနဲ့ချီပြီး အခမဲ့ကုသပေးနေသည့် ဆေး ရုံ ဖြစ်ပြီး ကလေးမြို့၊ တမူးမြို့နှင့် ချင်ပြည်နယ်မှ ဒေသနေပြည်သူများ အား ကိုးအားထား ပြုနေရသော ဆေးရုံဖြစ်သည်။
ဓာတ်ပုံ- ယောဆရာတော်ကြီး။
