ရန်ကုန်၊ စက်တင်ဘာ ၁၈
စစ်ကိုင်းတိုင်း၊ ကလေး၀မြို့နယ်၊ မစိန်စံပြကျေးရွာရှိ ရဲကင်းစခန်းကို ယနေ့ နံနက် ၅ နာရီအချိန်တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက ဝင်ရောက်စီးနင်းပြီး ရဲ ၄ ဦး၊ စခန်းမှူး သားဖြစ်သူ စုစုပေါင်း ၅ ဦးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် ကလေး၀မြို့နယ်၊ မစိန်စံပြကျေးရွာ ရဲကင်းစခန်းကို ဝင်ရောက် စီးနင်းခြင်းဖြစ်ပြီး ရဲ ၄ ဦး၊ စခန်းမှူးသားဖြစ်သူ သေဆုံးသွားကြောင်း၊ စခန်းကိုပါ မီးရှို့ဖျက်ဆီးသွားပြီး လက်နက်များ ယူဆောင်သွားကြောင်း၊ လက်ရှိတွင် စစ်တပ်နှင့်ရဲများ အလုံးအရင်းနှင့်ရောက်ရှိလာကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“ကလေး၀မြို့နယ် မစိန်စံပြကျေးရွာ ရဲကင်းကို ဝင်စီးတာပါ။ ရဲကင်းစခန်းကလည်း တောင်ခြေနားမှာ တည်ထားတာ။ တောင်ပေါ်ကနေ လက်နက်တွေနဲ့ပစ်ပြီး ဆင်းချလာတာ။ ရဲ ၄ ဦးသေပါတယ်။ စခန်းမှူး သားလည်းသေတယ်။ အဲဒီစခန်းက အင်အား ၄၀ လောက်ချထားတာ။ ဓားထိုးမှုဖြစ်လို့ အမှုလိုက်သွားတဲ့သူတွေနဲ့ အင်အားနည်းနေတဲ့အချိန်မှာ ဝင်အပစ်ခံရတာ။စခန်းကို မီးရှို့ပြီး လက်နက်တွေလည်းယူသွားတယ်။ ဖြစ်တာက မနက် ၅ နာရီကနေ မနက် ၈ လောက်အထိ တိုက်ပွဲဖြစ်တယ်။ မနက် ၉ နာရီခွဲလောက်ကျတော့ စစ်တပ်တွေ ရောက်လာတယ်။ အခုတော့ အားလုံးပိတ်ဆို့ စစ်ဆေးနေကြတယ်။ ဒေသခံတွေလည်း မနေရဲကြလို့ နီးစပ်ရာ ပြေးနေကြပြီ။ အခုမှ ပထမဆုံး စဖြစ်တာ။ ကလေး၀မြို့နယ်က မော်လိုက်နဲ့လည်း နီးတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။
စစ်ကိုင်းတိုင်း၊ ကလေး၀မြို့နယ်သည်လည်း အင်တာနက်ဖြတ်တောက်ခံထားရသဖြင့် ရဲကင်းစခန်း စီးနင်းခံရသည့် သတင်းအပြင်မထွက်ဘဲ ငြိမ်သက်နေကြောင်း၊ လက်ရှိတွင် တောင်သူ ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြပြီး စစ်တပ်ကလည်း အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာနေကြောင်း သိရှိရသည်။
ရဲကင်းစခန်းကို ဝင်ရောက်စီးနင်းသွားသော အဖွဲ့မှာ မည်သည့်လက်နက် ကိုင်အဖွဲ့ဆိုသည်ကို မသိရှိရသေးပေ။
ဓာတ်ပုံ- စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်သည်)
