29 C
Yangon

ပုလဲမြို့ပေါ်ရှိ ရဲစခန်းနှင့်ထွေ/အုပ်ရုံးကို PDF ၁၆ ဖွဲ့ကျော် ဝင်တိုက်မှု စစ်ကောင် စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံး၊ နတ်တလင်းနှင့် ချောင်းဦးမြို့နယ်တို့တွင် စစ်ကြောင်းများ တိုက်ခိုက်ခံရပြီး စစ်သား ၁၄ ဦးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၈

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ မြို့မရဲစခန်းနှင့်ထွေ/အုပ်ရုံးကို PDF တပ်ဖွဲ့ ၁၆ ဖွဲ့ကျော် က စက်တင်ဘာလ ၁၇ ရက်နေ့ ညနေတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၆ ဦးသေဆုံးကြောင်း PDF မဟာမိတ်တပ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

စက်တင်ဘာလ ၁၇ ရက်နေ့ ညနေ ၅ နာရီ ၄၈ မိနစ်အချိန် ပုလဲမြို့ရဲစခန်းကို PDF တပ်ပေါင်းစုက ဝင်ရောက်တိုက် ခိုက်ရာ တိုက်ပွဲ ၁ နာရီခန့် ဖြစ်ပွားခဲ့ကြောင်း၊ ပုလဲထွေအုပ်ရုံးထဲတွင် စစ်ကောင်စီဘက်မှ ၆ ဦး သေဆုံးပြီး ပုလဲရဲစခန်းတွင် ၃ ဦးဒဏ်ရာအပြင်းအထန်ရရှိကြောင်း သိရှိရသည်။

ပုလဲရဲစခန်းနှင့် ထွေအုပ်ရုံးကို God Of Myaing People’s Defense Force ၊ ပုလဲတပ်ရင်း ၁ ၊ ပုလဲအခြေစိုက်ခရိုင်တပ်ရင်း ၈ (ပုလဲတပ်ရင်း ၂ )၊ ပုလဲတပ် ရင်း ၄ ၊ ပုလဲတပ်ရင်း ၆ ၊ MPL ၊ သိန်းငှက်နီ၊ Shwe Hin Thar၊ TKGF၊ နဂါးနီ၊ အညာမြေ၊ PCM ၊ အညာဒေါင်း ၊ ခိုင်လေး၊ Ever Freedom၊ MVRF(ပခုက္ကူတပ်ရင်း ၆ )၊ စကားပျောက်ကျားတပ်ဖွဲ့နှင့် ပုလဲဒေသခံအဖွဲ့အစည်းများစွာပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ် တောင်ညိုဆည်လှေဆိပ်စခန်းရှိ ပျူစောထီးနှင့်စစ်ကောင်စီတပ်သားများကို ယနေ့တွင် MRF-PDF တပ်ဖွဲ့က ရှောင်တခင်ဝင်တိုက်ရာ စစ်ကောင်စီဘက်မှ ၇ ဦးသေဆုံးသွားကြောင်း သိရသည်။

နတ်တလင်းမြို့နယ်အရှေ့ဘက် ပဲခူးရိုးမထဲက လယ်မအင်းအုပ်စု၊ အောင်သုခကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် နယ်ခံပျူစောထီးများပါဝင်သည့် တောင်ညိုဆည်လှေစစ်ဆေးရေးဂိတ်စခန်းတစ်ခုကို စက်တင်ဘာ၁၈ရက် ယနေ့မွန်းလွဲ၁နာရီ ၂၀မိနစ်ခန့်မှာ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ရင်း (၃၈ဝ၁) တပ်ခွဲ (၄) MRF – Nattalin တပ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရှောင်တခင် အလစ်အငိုက် တိုက် ခိုက်ခဲ့ကြောင်း၊ ကင်းလှည့်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားနှစ်ဦး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ကာ အပြန်အလှန်ဆက်လက်ပစ်ခတ်မှုများကြောင့် နောက်ထပ် ၅ ဦး ထပ်မံသေဆုံးသွားကြောင်း၊ ယခုတိုက်ခိုက်မှု သည် “ဂဠုန်ဆရာစံ”စစ်ဆင်ရေးဖြစ်ကြောင်း MRF – Nattalin တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ထို့ပြင် စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန် စစ်ကိုင်း တိုင်း၊ ချောင်းဦးမြို့နယ် နတ်ရေကန်‌ကျေးရွာနှင့် ရေပိုးစား‌ကျေးရွာအကြားတွင် ခြေလျင် မိုင်းရှင်းလင်းရေး လာသော စစ်တပ်စစ်ကြောင်းကို မြောင်ဗိုလ်တောက် ထွန်းအထူးတပ်ဖွဲ့နှင့်အတူ မဟာမိတ်ညီနောင်များက အဝေးထိန်း (Remote)မိုင်းပဒေသာများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးသွားကြောင်း၊ ဒဏ်ရာရ စစ်သားများကို နီးစပ်ရာကျေးရွာတစ်ခု၏ ဆေးပေးခန်းတစ်ခု၌ ဆေးကုသခဲ့ရကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မြောင်ဗိုလ်တောက်ထွန်း(MBTT)၊ လျှပ်တစ်ပြက်စွန်ညိုပျောက်ကြားတပ်ဖွဲ့၊ ဗိုလ်နေတိုး (BNT)၊ B.C အထူးပျောက်ကြားတပ်ဖွဲ့၊ CRA တပ်ခွဲ (၂)၊ Aung San Force (A.S.F တပ်ခွဲ ၂) တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပုလဲမြို့ပေါ်တွင် ညပိုင်း ကင်းလှည့်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article