By ရန်ကုန်ခေတ်သစ်/နယူးယောက်
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ခ်မြို့မှာ စက်တင်ဘာ လလယ်ပိုင်းမှာ ပြုလုပ်သည့် တစ်ကိုယ် တော် နယူးယောက် ဖက်ရှင် ရက်သတ္တပါတ် ရှိုးပွဲတွင် မြန်မာ-အမေရိကန် ဖက်ရှင် ဒီဇိုင်နာ မအင်ကြင်းစံက အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ပါဝင်ဆန္ဒပြသည်။ New York Fashion Week ၏ ကမ္ဘာလုံးဆိုင်ရာစင်မြင့်တွင် မြန်မာနိုင်ငံမှ အခြေ အနေအရပ်ရပ်ကို ကမ္ဘာကသိအောင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖက်ရှင်ပြပွဲတွင် “အာဏာရှင် အဆုံးသတ်ပါစေ၊ မြန်မာလွတ်မြောက်ပါစေ” ၊ “အာဏာရှင်တွေကို တော်လှန်နေတဲ့ မြန်မာနဲ့အတူရပ်တည်ပါ”၊ “ဗမာနိုင်ငံမှာ လူမျိုးတုံး သတ်ဖြတ်မှု အဆုံးသတ်ပါ” ၊ စစ်အာဏာရှင်တွေ တာဝန်ပြန်ခံရမယ်” ၊ “မြန်မာနိုင်ငံကို ကာကွယ်ဖို့ R2P ကို တာဝန်ယူမှု ရှိရှိ ကျင့် သုံးပါ ” စသည့် စာတန်းတွေများကို မော်ဒယ်များအား ကိုင်ဆောင်စေပြီး မြန်မာ့ချိတ်များကို ဖက်ရှင်အဖြစ်တီထွင် ဝတ်ဆင်စေကာ ဒီဇိုင်နာ မအင်ကြင်းစံက ပုံဖော် မိတ်ဆက်ခဲ့သည်။
မအင်ကြင်းစံ ကိုယ်တိုင်ကလည်း မန္တလေးတွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရသည့် နွေဦးတော်လှန်ရေး အာဇာနည် ကြယ်စင်လေး နောက်ဆုံး ဝတ်ဆင်ခဲ့သော “‘Everything will be OK” စာတန်းပါ တီရှပ်ကို ဝတ်ဆင်၍ ပွဲထွက်ခဲ့သည်။
ဖက်ရှင်ပြပွဲတွင် မော်ဒယ်များကပါ လက်သုံးချောင် ထောင်ပြီး မအင်ကြင်းစံ တီထွင်ထားသော မြန်မာ့ချိတ် ဖက်ရှင်ဒီဇိုင်း အဝတ်များကို ဝတ်ဆင်ကာ အာဏာ ရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ ဖက်ရှင် ဒီဇိုင်နာ မအင်ကြင်းစံကို ရန်ကုန်ခေတ်သစ်က တွေ့ဆုံမေးမြန်းထားသည်။
မေး။ ။ နာမည်နဲ့ ဒီပွဲကို လာရတဲ့ အကြောင်းအရင်းလေး ပြောပြပေးပါ။
ဖြေ ။ ။ အင်ကြင်းနာမည်အပြည့်အစုံက အင်ကြင်းစံ ဖြစ်ပါတယ်။ အင်ကြင်းတို့က အမှန်တကယ်တော့ ကော်လိုရာဒိုမှာ နေတာပေါ့နော်။ ဒါပေမဲ့ နယူးယောက် ဖက်ရှင် Week မှာ အင်ကြင်းရဲ့ ဒီဇိုင်းတွေကို လာပြရင်းနဲ့ ဒီ သံအမတ်ကြီး ဦးကျော်မိုးထွန်းအတွက် အားပေးထောက်ခံမှုအတွက်ကို လာရောက်တာ ဖြစ်ပါတယ်ရှင်။
မေး။ ။ နယူးယောက် Fashion Week မှာ လက်သုံးချောင်းထောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးနဲ့ ဂျီနိုက်ဆိုက် ရပ်တန့်ရေးဆိုတဲ့ ဖက်ရှင်က အရမ်းကို လူတွေကြားထဲမှာ အပြောများပါတယ်။ ပြည်သူတွေကလည်း မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေက အစပေါ့။ အဲဒါနဲ့ပတ်သက်ပြီး ပြောပြပေးပါ။
ဖြေ။ ။ အင်ကြင်းရဲ့ ရည်ရွယ်ချက်ကလည်း မြန်မာပြည်တွင်းမှာရှိနေတဲ့ ပြည်သူ အားလုံးနဲ့ တကယ့် Generation အငယ်လေးတွေ ကလေးတွေ အတွက်ကို ရည်ရွယ်ပြီးတော့ အားပေးချင်တဲ့ စိတ်နဲ့ ဒီအတွက်ကို ရည်ရွယ်ပြီးတော့ ကြိုးစားပြီးတော့ လုပ်ထားတာ ဖြစ်ပါတယ်။
ဘာဖြစ်လို့လဲဆို အင်ကြင်းတို့ မြန်မာပြည်တွင်းမှာဆို ဒီလူငယ်တွေက အင်ကြင်းတို့ရဲ့ အနာဂတ်ဖြစ်တယ်။ တိုင်း ပြည်ရဲ့ အနာဂတ်ဖြစ်တယ်။ နိုင်ငံရဲ့ အနာဂတ်ဖြစ်တယ်။ အဲဒီအတွက် ဒီလူငယ်တွေက အရမ်းအရေးကြီးတယ် ဒါပေမဲ့ အခုအချိန်မှာ ၂၁ ရာစုကို ရောက်နေတာတောင်မှ ဒီလူငယ်တွေက သူတို့ရဲ့ အသက်တွေ ဘဝတွေကို ရင်းနှီးပြီးတော့ မြန်မာပြည်ရဲ့ စစ်အာဏာရှင် လက်အောက်ကနေ လွတ်မြောက်ရေးအတွက် အခုထိ ကြိုးစားပြီးတော့ ရုန်းကန်နေရတုန်း၊ တိုက်ပွဲဝင်နေရတုန်း။
အဲဒီအတွက်ကို အနောက်ကနေ အင်ကြင်းထောက်ပံ့နိုင်သမျှ လုပ်ပေးနိုင်သမျှ အားပေးနိုင်သမျှ လုပ်ပေးသွားမယ်။ အဲဒီအတွကိုလည်း အဓိက ကြိုးစားပြီးတော့ ရည်ရွယ်ပြီးတော့ အစစအရာရာ ဒီ collection ကိုလည်း သူတို့အတွက်ကို Dedicated (ရည်ရွယ်ဦးတည်ပြီး) လုပ်ပြီးတော့ လုပ်ပေးထားတာ ဖြစ်ပါတယ်။
မေး။ ။ အဲဒီပွဲမှာ အင်ကြင်းက လက်သုံးချောင်း ထောင် ဖက်ရှင်တွေနဲ့ ပတ်သက်ပြီး ဘယ်လို အမြင်သဘောထားရှိကြလဲ။
ဖြေ။ ။ သူတို့ နိုင်ငံတကာအနေနဲ့က လက်သုံးချောင်းထောင်တယ်ဆိုတာ နည်းနည်းတော့ ဇဝေဇဝါဖြစ်သွားစေတယ်။ သူတို့သိထားတဲ့ လက်သုံးချောင်းထောင်တာက popular movie ဖြစ်တဲ့ Hunger game က သိထားတယ်။ ဒါပေမဲ့ မြန်မာလူမျိုးဖြစ်တဲ့ အင်ကြင်းက လက်သုံးချောင်းထောင်ပြီး ထွက်လာတယ် မော်ဒယ်တွေ အားလုံးကလည်း ဒီလိုမျိုး စာတန်းလေးတွေနဲ့ လက်သုံးချောင်းထောင်ပြီး ထွက်လာတော့ သူတို့အတွက် ဇဝေဇဝါဖြစ်သွားစေတယ်။
အဲဒီအတွက် သူတို့က ဆက်ပြီးတော့ လေ့လာကြည့်တယ်။ ဒါဟာ ဘာအတွက်လဲ ဘာဖြစ်လို့ သူ ဒါမျိုး လုပ်တာလဲပေါ့ ။ အဲဒါီရဲ့ နောက်မှာ အင်ကြင်းက မြန်မာနိုင်ငံအတွက် ဘာကို ပြောချင်တာလဲ ၊ မြန်မာပြည်သူပြည်သားအားလုံးအတွက် ဘာကို ပေးချင်တာလဲ ။ ဒီ Message က ဘာလဲ ဆိုတာ သူတို့အတွက် ရသွားစေတယ်။
မေး။ ။ မြန်မာနိုင်ငံအတွက် အခု လက်ရှိမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတယ်။ အင်ကြင်း ဆက်လက်ပြီးတော့ ဘာတွေ လုပ်ဆောင်သွားဖို့ရှိလဲ မြန်မာနိုင်ငံအတွက်။
ဖြေ။ ။ အင်ကြင်းကတော့လေ အင်ကြင်းရဲ့ တတ်နိုင်တာ မှန်သမျှ လုပ်ဆောင်နိုင်တာ မှန်သမျှ အားလုံး လုပ် ဆောင်သွားမှာ ဖြစ်တယ်။ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ဘယ်လိုနည်းနဲ့ပဲ Support ပေးရ ပေးရ အင်ကြင်းက ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ တတ်နိုင်သမျှကို ထောက်ခံပေးသွားမှာဖြစ်တယ်။
အားပေးသွားမှာ ဖြစ်တယ်။ ရှေ့တန်းကနေ လုပ်ဆောင်နေတဲ့ ကလေးတွေ အတွက် တတ်နိုင်သမျှကို အားလုံး လုပ်ဆောင်ပေးသွားမှာ ဖြစ်တယ်။ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ။ ဖြစ်လို့ဆို ဒီပွဲက မြန်မာပြည်သူ ပြည်သားတွေ အတွက် အရမ်းအရေးကြီးတယ်။ မြန်မာပြည်ကြီးအတွက် အားလုံးအရေးကြီးတယ်။ အောင်ကို အောင်ရမှာ ဖြစ်တယ်။ အဲဒါကြောင့်မို့ပါ။