29 C
Yangon

ကန့်ဘလူ၊ မိဿလင်ကုန်းရွာမှ အသက် ၅ နှစ်အရွယ် မောင်အောင်မြင့်မြတ်ကို စစ်တပ်က ပစ်သတ်ပြီး ပြည်သူ ၄ ဦးဒဏ်ရာရ၊ မြိုင်တွင် ဦးရွှေဌေးကို စစ်တပ်နှင့်ပျူစောထီးက မီးရှို့သတ်ဖြတ်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၉

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မိဿလင်ကုန်းကျေးရွာမှ အသက် ၅ နှစ်အရွယ် မောင်အောင်မြင့် မြတ်ကို စစ်တပ်က ပစ်ခတ် သတ်ဖြတ်လိုက်ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရှိရသည်။

စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၇ နာရီ ၅၂ မိနစ်အချိန် ချပ်ကုန်းရွာထဲတွင် တပ်စွဲထားသော စစ်တပ်က လက်နက် ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် မိဿလင်ကုန်းကျေးရွာမှ မောင်အောင်မြင့်မြတ် အသက် ၅ နှစ် ၏ရင်အုံကို ကျည်ထိမှန်သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် ကန့်ဘလူမြို့ နယ် ၊ မိဿလင်ကုန်းကျေးရွာကို စစ် တပ်က ဝင်ရောက်စီးနင်းပြီး မွန်းလွဲ ၁ နာရီ ၂၇ မိနစ်အချိန်တွင် တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီ ၅၂ မိနစ်အချိန်တွင် တစ်ကြိမ် ၂ ကြိမ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၊ ယင်းနောက် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၇၅ နှစ် အရွယ် ဦးကြယ်နီနှင့် အသက် ၁၃ နှစ်အရွယ် မောင်ကျော်ဟိန်းတို့ ဒဏ်ရာရရှိကြောင်းး သိရှိရသည်။

“စက်တင်ဘာ ၁၅ ရက်နေ့မှာ အကြမ်းဖက်စခတွေရဲ့ မီးရှို့ဖျက်ဆီးမှု ကြောင့် ဦးမြတ်သိန်း၊ ဦးမောင်ချို၊ ဦးဖိုးမော် နဲ့ ဦးမောင်ထွန်းတို့ရဲ့ နေအိမ်(၄)လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး အပြစ်မဲ့ပြည်သူ ၄ ဦး လည်း ကျည်ထိမှန်ခဲ့ပါတယ်။ မိဿလင်ရွာမှာ အိမ်ခြေ ၂၇၀ ရှိပြီး လူဦးရေ ၁၃၀၀ ခန့်ရှိပါတယ်။ ရွာလုံးကျွတ် ဘေးလွတ်ရာထွက်ပြေးတိန်းရှောင်နေရပါတယ်” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၅ ရက်နေ့ ညနေ ၅ နာရီအချိန် စစ်တပ်က ၆၀ မမ များဖြင့် ရမ်းသမ်းပစ်ခတ်ရာ ချပ်ကုန်းရွာမှ မောင်အောင်ကျော်ဝင်း အသက် ၂၅ နှစ်၊ မောင်အောင်ကျော်မင်း အသက် ၁၅ နှစ် တို့လည်း ကျည်ထိမှန်ခဲ့ကြောင်း ၊ ယင်းနောက် စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၆ နာရီ အချိန် ချပ်ကုန်းကျေးရွာသို့ စစ်တပ်က ဝင် ရောက်ခဲ့ကြောင်း၊ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ကန့်ဘလူနယ် အင်ကြင်းစုရွာမှ ဆရာတော် ဦးသုစိတ္တနှင့်ဦးဝင်ညွှန့်တို့၂ဦးကို စစ်တပ်နှင့်ပျူစောထီးများက ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကြောင်းက ကျွန်းလှမြို့နယ်အတွင်းသို့ ကျေးရွာများကို လှည့် လည် မီးရှို့ဖျက်ဆီးပြီး ပြည်သူများကို သတ်ဖြတ်နေသည်မှာ ရက်ပေါင်း ၂၀ ရှိနေပြီ ဖြစ်ပြီး စက်တင်ဘာလ ၁၂ ရက်နေ့တွင် ကျွန်းလှနယ် ရေနံ မှော်ကြီး တစ်မှော်လုံးကို ခမရ ၃၆၁ ၊ ခမရ ၃၆၉ တပ်က မီးရှို့ဖျက်ဆီးခဲ့သဖြင့် ပြာကျ ပျက်စီးသွားကြောင်း သိရှိရသည်။

အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ညောင်ရွာကျေးရွာမှ အသက် ၄၃ နှစ်အရွယ် ဦးရွှေဌေးကို စက် တင်ဘာလ ၇ရက်နေ့ နံနက် ၇နာရီ အချိန် တွင်းမနှင့် နှမ်းဆီကန်ကျေးရွာအ ကြား မယ်ဇလီဖူးခူးနေစဉ် တွင်းမပျူစောထီးနှင့် စစ်တပ်က အကြောင်းမဲ့ သတ်ဖြတ်ပြီး မီးရှို့အလောင်းဖျောက်သွားကြောင်း၊ တွင်းမပျူစောထီးက လွန်ခဲ့သည့် ၃လခန့်ကလည်း ပခုက္ကူမြို့နယ် မန်းကျည်းသုံးပင်ကျေးရွာနားမှ အပြစ်မဲ့ပြည်သူ စျေးသည် ၂ ဦးကို သတ်ဖြတ် မီးရှို့ အလောင်းဖျောက်ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- စစ်တပ်က ပစ်ခတ်သတ်ဖြတ်လိုက်သော အသက် ၅ နှစ်အရွယ် မောင်အောင်မြင့်မြတ်နှင့် အသက် ၄၃ နှစ်အရွယ် ဦးရွှေဌေး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article