29 C
Yangon

ဒီပဲယင်း လက်ယက်ကုန်းစာသင်ကျောင်းမှ မူလတန်းကလေးငယ်များ ပစ်ခတ်တိုက်ခိုက်ခံရမှု နာမည်စာရင်း၊ ပစ်ခတ်ခဲ့သော လက်နက်များ အပါအဝင် ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းနေ၊ စစ်တပ်အနေဖြင့် တိုက်ခိုက်မှုကို တာဝန်မခံဘဲ လိမ်လည်နေ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၉

စစ်ကိုင်းတိုင်း၊ ဒီပဲယင်း လက်ယက်ကုန်းစာသင်ကျောင်းမှ မူလတန်းကလေးငယ်များကို စစ်တပ်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုတွင် ပါဝင်သွားသည့် ကလေးငယ်များ စာရင်း၊ ပစ်ခတ်ခဲ့သော လက်နက်များ အပါအဝင် ဖြစ်စဉ်အသေးစိတ်ကို စုံစမ်း၀ငပြီး စစ်တပ်အနေဖြင့် တိုက်ခိုက်မှုကို တာဝန်မခံဘဲ လိမ်လည်နေကြောင်း ဒေသကာကွယ်ရေးတပ်များနှင့်ဒေသခံများထံမှ သိရှိရသည်။

လက်ရှိတွင် စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော ကျည်များ၊ ကျည်ခွံ့တချို့ကို သိမ်းဆည်းရမိထားပြီး ဖြစ်စဉ်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း၊ သို့ရာတွင် စစ်တပ်၏ ထုတ်ပြန်ချက်တွင် ကလေးငယ်များကို ပစ်ခတ်သတ်ဖြတ်မှု အပေါ် တာဝန်ခံခြင်းမရှိဘဲ ဗြောင်လိမ်ဗြောင်စားလုပ်နေသည်ဟု ဒေသခံများနှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့များက ပြောဆိုကြသည်။

“ဒီနေ့ ကူညီရေးငွေ‌သွားပေးတာကို ကလေးမိဘတွေအနေနဲ့ မယူနိုင်ကြသေးဘူး။ ကလေးမိဘတွေမှာလည်း သောကနဲ့မို့ မေးဖို့ အတော်ခက်နေတာ။ စစ်တပ်က ဖမ်းသွားတဲ့ကလေးတွေလည်း ဒဏ်ရာရရှိမှု အခြေနေဆိုးတယ်ကြားတယ်။ စစ်တပ်က စာသင်ကျောင်းမှာ PDF ရှိတယ်ထင်ပြီးလာပစ်တာ။ ကလေးတွေ ဖြစ်နေတယ်ဆိုတာ သူတို့ ငြင်းလို့တော့ မရဘူး။ စစ်တပ်က လိမ်တာတော့ အတော်ဆိုးတယ်။ KIA ပြောလိုက် PDF ပြောလိုက်နဲ့ သေချာ တာက KIA PDF တစ်ယောက်မှ ရွာမှာ မရှိဘူး။ ရှိတာကိုလည်း သူတို့မပြနိုင်တာပဲ လိမ်စဉ်တွေလုပ်ပြီး ဖုံးဖိဖို့ လုပ်လာတာ။
စက်တင်ဘာ ၂၀နေ့ စစ်တပ် သတင်းစာရှင်းလင်းပွဲမှာလည်း လိမ်ဦးမယ်ထင်တယ်။ အခုက ကလေးမိဘတွေလည်း သောက နဲ့ ဆိုတော့ ဘာမှကို မေးလို့အဆင်မပြေတာ ဆရာမလည်း မေးတိုင်း ငိုနေတာ။ မျက်ရည်တွေ ခမ်းနေပြီတဲ့”ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ဆိုသည်။

လက်ယက်ကုန်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က ဝင်ရောက်ပစ်ခတ်ချိန်တွင် မည်သည့် ခုခံ ပစ်ခတ်မှုမှ မရှိကြောင်း၊ မည်သူကမှလည်း ခုခံ ပစ်ခတ်ခြင်းမရှိဘဲ မူလတန်းကလေးငယ်များကို စစ်တပ်က ရမ်းသမ်းပစ်ခတ်သွားခြင်းဖြစ်ကြောင်း၊ ပစ်ခတ်သွားသော စစ်သားများကိုယ်တိုင်လည်း ကလေးငယ်များကို မှားယွင်းပစ်ခတ်သည်ကို သိရှိကြကြောင်း ဒေသခံများက ဆိုသည်။

“သူတို့လာပစ်တဲ့အချိန်မှာ ကျောင်းထဲကရော ရွာထဲကရော ဘာခုခံပစ်ခတ်မှုမှမရှိဘူး။ ဘာ PDF မှလည်း မရှိဘူး။ ဘယ်သူကမှလည်း ခုခံတာလည်းမရှိဘူး။ ခုခံစရာလည်း ဘာလက်နက်မှ မရှိဘူး။အဲဒါကို စစ်တပ် သတင်းမှာ ပေါက်ကရတွေ လုပ်ကြံပြီးရေးထားတယ်” ဟု ကျေးရွာဒေသခံတစ်ဦးက ဆိုသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ စစ်တပ်က ထုတ်ပြန်သော သတင်းတွင် KIA နှင့် PDF များ ဘုန်းကြီးကျောင်းအတွင်းမှ ပြန်လည်ပစ်ခတ်၍ စစ်တပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများကို လူသားတံတိုင်းသဖွယ် အသုံးပြုသည်ဆိုသော ဗြောင်လိမ်ထားသည့် သတင်းကို ထုတ်ပြန်ထားသည်ဟု ကျေးရွာသားများက ဆိုကြသည်။

“သူတို့ ကျောင်းနဲ့ ဘုန်းကြီးကျောင်းထဲ ဝင်လာတဲ့အချိန် ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်နေချိန်မှာ ရွာဘက်ကနေ ပြန်ပစ်တာ ဘာဆိုဘာမှ မရှိဘူး။ ရွာမှာ လက်နက်ကိုင်မှ မရှိတာ။ ဘယ်သူကဘာနဲ့ပစ်ရမှာလဲ။ ပေါက်ကရတွေ ရေးပြီး ထုတ်ပြန်ထားတယ်” ဟု အခြားဒေသခံတစ်ဦးက ထပ်မံ အတည်ပြုပြောဆိုသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ ဒီပဲယင်း၊ လက်ယက်ကုန်းရွာ မူလတန်းကျောင်းကို စစ်တပ်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်မှုကြောင့် မူလတန်းကျောင်းသား ၆ ဦး သေဆုံးပြီး ကလေးငယ် ၂၀ ကျော် ဒဏ်ရာရရှိကြောင်း၊ ဆရာမ ၂ ဦးနှင့် ဒဏ်ရာရ မူလတန်းကလေး ၂၀ ကျော်ကို စစ်တပ်က ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article