ရန်ကုန်၊ စက်တင်ဘာ ၁၉
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ယနေ့ ဖြစ်ပွားသော တိုက်ပွဲတွင် စစ်သား ၁၅ ဦးခန့် သေဆုံးနိုင်ပြီး ယမန်နေ့ တိုက်ပွဲမှ ဒဏ်ရာရစစ်သားများအနက်မှ ၅ ဦးထပ်မံ သေဆုံးခဲ့ကြောင်း တန့်ဆည် PDF ထံမှ သိရှိရသည်။
စက်တင်ဘာ၁၉ရက် နံနက်၂နာရီခန့်တွင် တန့်ဆည်မြို့နယ် ဘေရင်းရွာမှ ထန်းပင်ဆိပ်ရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်သားနှင့် ပျူစောထီးများကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များက ပဒေသာတိုက်မိုင်း၂ကြိမ်ဆွဲ၍ တိုက်ခိုက်ခဲ့ရာ ၁၅ဦးခန့် ထိခိုက် သေဆုံးနိုင်ကြောင်း သိရသည်။
အင်အား၁၀၀ခန့်ပါသော စစ်သားနှင့် ပျူစောထီး ပူးပေါင်းအဖွဲ့ကို ထန်းပင်ဆိပ်နှင့် ဖက်သန်းကုန်းရွာအနီးတွင် Guerrilla Warfare KPK၊ HPS(ပလဖ)နှင့် ဒေသခံပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ် ပူးပေါင်းအဖွဲ့ အထိနာသွားကြောင်း၊ ညအမှောင်မိုးရွာထဲတွင် ဘေရင်းရွာဘက်သို့ ပြန်ဆုတ်သွားခဲ့ကြောင်း HPS(ပလဖ)အဖွဲ့ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနကို ပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဖက်သန်းကုန်းရွာအနီး ကင်းပုန်းဝပ်နေခဲ့သော စစ်သား၁၀ဦးခန့်ကို စက်တင် ဘာ၁၉ရက် နံနက်၄နာရီခန့်တွင် KPKနှင့် HPS ပလဖ ပူးပေါင်းအဖွဲ့တို့က လက်နက်ကြီးဖြင့် ၂ကြိမ် ပစ်ခတ်တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှုများ ရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် တန့်ဆည်မြို့ ရွှေဒေါင်းမင်း စစ်ဆေးရေးဂိတ်ရှိ စစ်သားနှင့် ပျူစောထီးအင်အား ၄၀ခန့်ကို စက် တင်ဘာ ၁၉ ရက်နေ့ ညနေ၄နာရီခန့်တွင် တန့်ဆည်PDF တပ်ရင်း(၆)နှင့် မြို့နယ်ပကဖ ပူးပေါင်းအဖွဲ့က လက်နက်ကြီး ၃လုံး၊ လက်နက်ငယ်များဖြင့် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီး အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း တန့်ဆည်မြို့ခံတစ်ဦးက ပြောသည်။
အလားတူ တန့်ဆည်မြို့နယ်တွင် စက်တင်ဘာ၁၇ရက်နေ့ ဖြစ်ပွားခဲ့သော ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ် တပ်မ(၃၃)မှ စစ်သား၁၇ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ၂၀ဦးခန့် ရှိခဲ့ကြောင်း၊ တန့်ဆည်မြို့နယ် အောင်ချမ်းသာရွာတွင် မိုင်းဆွဲတိုက်ခိုက်မှု ၃ကြိမ်နှင့် အောင်ချမ်းသာရွာ၊ ရေဦးကုန်းရွာနှင့် သာယာကုန်းရွာတို့တွင် တိုက်ပွဲ၃ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်သားအလောင်း ၁၂လောင်း နှင့် ဒဏ်ရာရစစ်သား၂၀ကျော်ကို စက်တင်ဘာ၁၇ရက် ညနေပိုင်းတွင် လှည်း၄စီးဖြင့် ပျူစောထီးစခန်းရှိရာ ကျွန်းလည်ရွာသို့ သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ဒဏ်ရာရစစ်သားများကို တန့်ဆည်မြို့နယ် ကျွန်းလည်ရွာ၏ အရှေ့ဘက်ရှိ ကန့်ဘလူမြို့နယ် မိုးကောင်းရွာတွင် ဆေးကုသပေးနေစဉ် စက်တင်ဘာ၁၈ရက်တွင် ၅ဦး ထပ်မံသေဆုံးသွားခဲ့ကြောင်း တပ်တွင်းဖရဲသီးက အကြောင်း ကြားလာကြောင်း တန့်ဆည်PDF တပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနကို ပြောသည်။
တန့်ဆည်မြို့နယ် မြောက်ပိုင်း၌ စက်တင်ဘာ၁၇ရက်က ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် ရွှေဘိုခရိုင် တပ်ရင်း(၆)၊ တပ်ရင်း(၇)၊ တပ်ရင်း(၈)၊ တပ်ရင်း(၁၀)၊ တပ်ရင်း(၁၆)၊ တပ်ရင်း(၂၅)၊ တပ်ရင်း(၂၆)၊ KPK၊ TSR၊ PLA၊ TCRF PLAနှင့် မြို့နယ်(ပကဖ)တို့ ပူးပေါင်းတိုက်စစ်ဆင်ခဲ့ကြကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် စက်တင်ဘာ၁၇ရက်တွင် အောင်ချမ်းသာရွာမှ နေအိမ်၁၀လုံးနှင့် ရေဦးကုန်းရွာမှ နေအိမ်၃၁လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး အောင်ချမ်းသာရွာသား စိတ်ဝေဒနာရှင် ကိုမောင်မောင်ကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်။
ဓာတ်ပုံ- စစ်ကိုင်းတိုင်းအတွင်း ရဟတ်ယာဉ်များဖြင့် အကြမ်းဖက်စစ်သား များကို သယ်ယူပို့ဆောင်နေသည့် မြင်ကွင်း။