23 C
Yangon

KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ ကျိတ်စခန်းကို KNLA ပူးပေါင်းအဖွဲ့ တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၂၀ ကျော် သေဆုံး၊ စစ်တပ်နှင့် ကော်ဘရာစစ်ကြောင်း တိုက်ပွဲတွင် စစ်သား ၂ ဦး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၀

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်အတွင်း ကျူးကျော်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ၏ ကျိတ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က စက်တင်ဘာလ ၂၀ ရက် ယနေ့ မွန်းလွဲပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၀ ကျော် သေဆုံးကာ အရှင်ဖမ်းမိသူအချို့လည်း ရှိသည်ဟု ကရင်သတင်းရင်းမြစ်များက ဖော်ပြနေကြပြီး ရန်ကုန်ခေတ်သစ်အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ ကျိတ်ကျေးရွာအနီးရှိ စစ်ကောင်စီစခန်းကို KNLA က ယမန်နှစ်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ဖူးပြီး စခန်းကို မီးရှို့ ရှင်းလင်းခဲ့သည်။

ယင်းနောက် စစ်ကောင်စီလက်ပါးစေ နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) BGF မှ ဗိုလ်မှူး စောမုတ်သုန် လက်အောက်ခံ အမှတ် ၁၀၂၃ တပ်ရင်း တပ်ဖွဲ့ဝင်များ တပ်စွဲထားကြောင်းလည်း သိရှိရသည်။

ကျိတ်ကျေးရွာစခန်းသိမ်းတိုက်ပွဲနှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို ရန်ကုန်ခေတ်သစ်က ဆက်လက်စုံစမ်းတင်ဆက်ပေးသွားမည် ဖြစ်သည်။

အလားတူ KNU တပ်မဟာ ၆ နယ်မြေ တောင်နီကျေးရွာအနီး တောင်ကုန်းတစ်ခုကို ကျူးကျော်လာသည့် အကြမ်းဖက်စစ်တပ်ကို KNLA ပူးပေါင်းတပ်ဖွဲ့ ကော်ဘရာ စစ်ကြောင်းက ခုခံတိုက်ခိုက်နေပြီး စစ်တပ်ဘက်မှ ၂ ဦးသေဆုံးကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်၏ တပ်မ ၄၄ လက်အောက်ခံ ခမရ ၃၊ ခမရ ၉၊ ခမရ ၁၀၄ တပ်ဖွဲ့ဝင်များကို KNLA တပ်ရင်း ၂၇ ကော်ဘရာစစ်ကြောင်းနှင့် KNLA တပ်မဟာ ၆ တပ်ခွဲ ၂ ပူးပေါင်းတပ်ဖွဲ့က ယနေ့ နေ့လယ်ပိုင်းတွင် ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဓါတ်ပုံ – ကျိတ်ကျေးရွာစခန်း (ပုံအဟောင်းဖြစ်ပါသည်)
photo – ပေးပို့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article