ရန်ကုန်၊ စက်တင်ဘာ ၂၁
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ဂွေးကုန်းရွာကို မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်ကို တန့်ဆည်PDFနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ပူးပေါင်းတပ်တို့က စက်တင်ဘာ၂၀ ရက်နေ့ ညနေ၄နာရီကျော်ခန့်တွင် ဝင်ရောက်တိုက်ခိုက်ရာ ပြည်သူ့လုံခြုံရေးအဖွဲ့မှ ၂ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုများရှိခဲ့ကြောင်း တန့်ဆည်PDF က ပြောသည်။
အင်အား ၁၀၀ ခန့်ရှိသော စစ်ကောင်စီတပ်မှ စစ်သား ၁၅ ဦး ရွာမှ အယောင်ပြ ထွက်ခွာသွားချိန်တွင် ရွာထဲကင်းပုန်းဝပ်နေခဲ့သော နောက်ချန်စစ်ကြောင်းကို တန့်ဆည်PDF တပ်ရင်း(၆)၊ တပ်ရင်း(၇)၊ တပ်ရင်း(၈)၊ တပ်ရင်း(၂၅)၊ PLA နှင့် ပကဖ၊ ပလဖ အဖွဲ့များက ဝင်ရောက်ပစ်ခတ်ရာမှ တစ်နာရီခန့် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ရှေ့ပြေးစစ်ခွေးတွေ ရွာကထွက်သွားတော့ ကျနော်တို့အဖွဲ့တွေ ရွာထဲဝင်ပစ်တာ၊ အဲ့မှာ စခတွေက အိမ်တွေထဲ ဝင်ပြီး ကင်းပုန်းဝပ်နေတော့ ပစ်မှတ်အလွယ်တကူမထိဘူး၊ တိုက်ပွဲကြာခဲ့တယ်ပေါ့၊ အဲဒီမှာ ပြန်ဆုတ်တော့ ပိတ်မိသွားခဲ့တဲ့ ရွာလုံခြုံရေးရဲဘော်နှစ်ဦး ကျဆုံးခဲ့ရတယ်၊ နှစ်ဦးဒဏ်ရာရတယ်၊ စိုးရိမ်စရာတော့မရှိပါဘူး၊ စစ်ခွေးတွေလည်း ထိခိုက် ကျဆုံးမှုရှိတယ်၊ အတည်မပြုနိုင်သေးဘူး”ဟု ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) အဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောသည်။
ထို့အပြင် အိုးသည်ကုန်းရွာမှ အင်းပတ်ရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို စက်တင်ဘာ၂၀ရက် ညနေ၄နာရီတွင် ရွှေဘိုခရိုင် တပ်ရင်း(၁၀)၊ တပ်ရင်း(၁၆)၊တပ်ရင်း(၂၆)၊ Guerrilla Warfare KPK၊ TSR နှင့် Nine Starတို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ မိုင်းပွိုင့်တည့်တည့်မိသော အကြမ်းဖက်စစ်တပ် ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း သိရသည်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အထိနာသွားသော အကြမ်းဖက်စစ်တပ်က အင်းပတ်ရွာနှင့် အိုးသည်ကုန်းရွာတို့ကို ဝင်ရောက်မီးရှို့ခဲ့သဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
တန့်ဆည်မြို့နယ်တွင် တပ်မ(၃၃) အကြမ်းဖက်စစ်တပ်က ပျူစောထီးများနှင့် ပူးပေါင်း၍ စစ်ကြောင်းထိုးနေချိန်တွင် အုပ္ဖိုလ်အိုင်ရွာ၊ အောင်ချမ်းသာရွာ၊ ရေဦးကုန်းရွာ၊ ဂွေးကုန်းရွာ၊ အင်းပတ်ရွာနှင့် အိုးသည်ကုန်းရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးနှင့် ဒေသခံပြည်သူ ၉ ဦးတို့ကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြသည်။
အလားတူ စက်တင်ဘာလ ၂၀ ရက်နေ့ ညနေ ၃နာရီ အချိန်ခန့်တွင် မြင်းမူမြို့တွင်းမှ စစ်သား ၁၀ ဦးသည် မုံရွာဖက်သို့ လိုက်ပါရန်အတွက် မြင်းမူမြို့ အနောက်ဖက်အထွက် မြို့ရှောင်လမ်း လမ်းဆုံသို့ Canter ကားဖြင့် ရောက်ရှိလာခဲ့ကြောင်း၊ ငါးများကိုသေတ္တာဖြင့်သယ်ဆောင်လာသည့် Light Truck ၁၂ပေကား တစီးဖြတ်သန်းမောင်းနှင်လာသည်ကိုတားဆီးပြီး ငါးပုံးများပေါ်တွင်နေရာယူလျက် မုံရွာဖက်ဆီသို့ စီးနင်းလိုက်ပါလာခဲ့ကြကြောင်း၊ ထို့နောက် အချိန်၅မိနစ်ခန့်မောင်းနှင်ပြီး ဝမ်းပြည့်ရွာနှင့် အလ္လကပ္ပရွာအကြားတနေရာအရောက်တွင် မဟာမိတ်ညီနောင်များက ၅လုံးတွဲ မိုင်းဖြင့် ဧည့်ခံပြုစုကြရာစစ်သား ၃ ဦးသေဆုံးကြောင်း၊ ကျန်စစ်သားများမှာလည်း ဒဏ်ရာရရှိကြောင်း သိရှိရသည်။
မိုင်းဆွဲတိုက်ခိုက်မှုကို People’s knight Defense Force Myinmu (PKDF-MMU) နှင့်အတူ People’s Army To Fight Dictatorship အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) ၊ တပ်ခွဲ DKPDF (MMU) ၊ TAUNGTHA People Defense Force (TTAPDF) ၊ D.B.B.F-MMU စသောမဟာမိတ်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်ကိုင်း PDF များ။