29 C
Yangon

ကျောက်တံခါးမြို့ပေါ်တွင် ဗုံးပေါက်ကွဲပြီး ပစ်ခတ်မှုဖြစ်၊ ပျူစောထီး ၂ ဦးနှင့် စစ်သား ၁ ဦးသေဆုံးပြီး လက်နက် ၄ လက် ပါသွား

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၁

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့ပေါ်တွင် စက်တင်ဘာလ ၂၀ ရက်နေ့ ညပိုင်း ဗုံးပေါက်ကွဲပြီး ပစ်ခတ်မှုဖြစ်ကာ ပျူစောထီး ၂ ဦးနှင့် စစ်သား ၁ ဦးသေဆုံးကြောင်း၊ လက်နက် ၄ လက်ပါသွားကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

စက်တင်ဘာလ ၂၀ ရက်နေ့ ည ၉ နာရီ ၅၅ မိနစ်အချိန် ကျောက်တံခါး မြို့ပေါ်တွင် ဗုံး ၂ လုံး စတင်ပေါက်ကွဲကြောင်း၊ ယင်းနောက် ည ၁၀ နာရီ ၅ မိနစ်တွင် ဒုတိယအကြိမ် ဗုံးထပ်မံပေါက်ကွဲခဲ့ပြီး ဦးပိန်ဘုန်းကြီးကျောင်းရှေ့ ထရန်စဖော်မာ တစ်စစီဖြစ်သွားကြောင်း၊ ဒုတိယအကြိမ်ပေါက်ကွဲမှုအပြီး ပျူစောထီး ၂ ဦးနှင့် စစ်သား ၁ ဦး စုစုပေါင်း ၃ ဦး လိုက်ပါစီးနင်းပြီး ကင်းလှည့်နေသော ပရိုဘောက် အဖြူ ပစ်ခတ်ခံရကြောင်း ၊ ကားပေါ်ပါ ၃ ဦးစလုံး ဦးခေါင်းချိန်ရွယ် ပစ်ခတ်ခံရသဖြင့် သေဆုံးပြီး လက် နက် ၄ လက်ပါသွားကြောင်း ခိုင်မာသည့်သတင်းရင်းမြစ်က ဆိုသည်။

“ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုဖြစ်တာမှန်ပါတယ်။ သေဆုံးတာတော့ ကျနော်တို့လည်း မသိရဘူး။ ဗုံးကွဲတာရော ပစ်ခတ်မှုတွေ အပြန်အလှန် ဖြစ်တာရော မနေ့ညက ဖြစ်သွားတယ်။ ဒီမနက်တော့ ကျောက်တံခါးမြို့တစ်ခုလုံး တအားစစ်တယ်” ဟု ကျောက်တံခါးမြို့ပေါ် ဆိုင်ကယ်ပြုပြင်ရေး ဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက ပြောဆိုသည်။

ပဲခူးတိုင်းရဲတပ်ဖွဲ့ဘက်ကမူ ကျောက်တံခါးမြို့ပေါ် သံမဏိရပ်ကွက်တွင် ယမန် နေ့ညပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုခြင်းမပြုပေ။

ဓာတ်ပုံ- ကျောက်တံခါးမြို့ပေါ်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article