29 C
Yangon

မြန်မာစစ်တပ်ကို ငွေရှာပေးနေသည့် စစ်လက်နက်ပွဲစား ခရိုနီ စီးပွားရေးလုပ်ငန်းရှင် ထွန်းမင်းလတ် မူးယစ်ဆေးဝါးအမှု၊ ငွေကြေးခဝါချမှုများဖြင့် ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၁

မြန်မာစစ်တပ်နဲ့ ထဲထဲဝင်ဝင် ပတ်သတ်နေတဲ့ ခရိုနီစီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာထွန်းမင်းလတ်ကို မူးယစ်ဆေးဝါး အပါအဝင် ငွေကြေးခဝါချမှု စွဲချက်တွေနဲ့ ထိုင်းအစိုးရနဲ့ အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အေဂျင်စီ (DEA) တို့ ပူးပေါင်းကာ စက်တင်ဘာ ၁၇ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။

မြန်မာခရိုနီ လက်နက်ပွဲစား ဒေါက်တာထွန်းမင်းလတ်ဟာ သူရဲ့ထိုင်းလုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ မူးယစ်ဆေးဝါးအပါအဝင် ငွေကြေးခဝါချမှု စွဲချက်တွေနဲ့ ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံခဲ့ရတာပါ။

ထွန်းမင်းလတ်ဟာ လက်ရှိထိုင်းအထက်လွှတ်တော်အမတ်ဖြစ်တဲ့ Upakit Pachariyangkun နဲ့ သူ့ရဲ့ ထိုင်းလုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ထိုင်းနဲ့မြန်မာမှာ တည်ထောင်ထားတဲ့ စီးပွားရေးကွန်ရက်တစ်ခုဖြစ်တဲ့ Allure Group ကတဆင့် ငွေကြေးခဝါချမှုကျူးလွန်တယ်လို့ သတ်မှတ်ခံထားရပါတယ်။

Allure ကုမ္ပဏီဟာ ထိုင်းနိုင်ငံကနေ တာချီလိတ်ကို လျှပ်စစ်ဓာတ်အား ရောင်းချပေးနေပြီး တာချီလိတ်မြို့နယ်မှာရှိတဲ့ မြန်မာစစ်ကောင်စီရဲ့ စစ်ထောက်ချုပ်ရုံးပိုင် မြေပေါ်မှာ ကာစီနိုလောင်းကစားရုံတစ်ခုကိုလည်း ဖွင့်လှစ်ထားပါသေးတယ်။

ထွန်းမင်းလတ်က စစ်ရာဇဝတ်ကောင်မင်းအောင်လှိုင်ရဲ့သမီး ခင်သီရိသက်မွန်နဲ့ လုပ်ဖော်ကိုင်ဘက်ဖြစ်ပြီး မောင်းသူမဲ့လေယာဉ် UAV အပါအဝင် အစ္စရေးနဲ့ တရုတ်နိုင်ငံထုတ် လက်နက်တွေ ၀ယ်ယူပေးနေတဲ့ မြန်မာစစ်တပ်ရဲ့ လက်နက်ပွဲစားတစ်ဦးလည်း ဖြစ်ပါတယ်။

စစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ Star Sapphire ကုမ္ပဏီလုပ်ငန်းစုနဲ့ Allure ကုမ္ပဏီတွေဟာ ခရီးသွားလုပ်ငန်းအပြင် ရှမ်းပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ သတ္တုတူးဖော်ရေး၊ လျှပ်စစ်စွမ်းအင်လုပ်ငန်းတွေကို မြန်မာ့စစ်တပ်နဲ့ နက်နက်ရှိုင်းရှိုင်း ချိတ်ဆက်ပြီး လုပ်ကိုင်နေတာပါ။

Myanmar Business Consultant Group Ltd မှာ ထွန်းမင်းလတ်ဟာ ဒါရိုက်တာ၊ ရှယ်ယာရှင်တစ်ဦးအနေနဲ့ တရားဝင် ပါဝင်ခြင်းမရှိတော့ပေမဲ့၊ သူ့ရဲ့ကုမ္ပဏီဟာ ဟောင်ကောင်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီ VPower Group နဲ့ ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီးက LNG စီမံကိန်း နှစ်ခုမှာ ပြည်တွင်းလုပ်ဖော်ကိုင်ဖက်အဖြစ် ရှိနေဆဲပဲ ဖြစ်ပါတယ်။ အဲဒီစီမံကိန်းရဲ့ စက်ရုံမြေနေရာကို စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းစုကြီးဖြစ်တဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL)ဆီက ငှားရမ်းကာ လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ထွန်းမင်းလတ်ရဲ့ Star Sapphire Group ကို မြန်မာစစ်တပ်အတွက် လက်နက်ရောင်းဝယ်ရေးတွေမှာ ကြားခံပွဲစားအဖြစ် လုပ်ဆောင်ပေးမှုနဲ့ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုမှာ စစ်တပ်ကို ငွေကြေးပံ့ပိုးမှု တွေကြောင့် ယူကေနိုင်ငံက သြဂုတ်လ၂၄ ရက်နေ့မှာ ဒဏ်ခတ်ပိတ်ဆို့တွေ ချမှတ်အရေးယူထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article