ရန်ကုန်၊ စက်တင်ဘာ ၂၃
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ လှည်းကူးမကျေးရွာ စစ်ကောင်စီခန့် အုပ် ချုပ်ရေးမှူး ထွန်းအောင်ကျော်ကို စက်တင်ဘာလ ၂၁ ရက် နေ့လယ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Myingyan Black Tiger (MBT)မှ ပြန်ကြားရေးတာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အုပ်ချုပ်ရေးမှူး ထွန်းအောင်ကျော်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်ရှင်းလင်းစဉ် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ၎င်းကိုင်ဆောင်သော M-22 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ကတ် ၃ ခု၊ ကျည် ၃၇ တောင့် ကို သိမ်းဆည်းရမိကြောင်း သိရှိရသည်။
ထွန်းအောင်ကျော်သည် လက်နက်အားကိုးဖြင့် ပြည်သူများထံမှ အနိုင်ကျင့် ငွေတောင်းခြင်း၊ CDM ပြုလုပ်ထားသူများကို ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်နေ၍ Myingyan Black Tiger (MBT)မှ မဟာမိတ်များနှင့် ပူးပေါင်း၍ သွား ရောက် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
မြင်းခြံမြို့၊နွားထိုးကြီးမြို့၊တောင်သာမြို့၊မုံရွာမြို့နှင့် မြောင်မြို့နယ်ဘက်သည် MBT၏လှုပ်ရှားနယ်မြေဖြစ်သောကြောင့် စစ်ကောင်စီနှင့် လက်အောက်ခံများ၊ ဒေါက်တိုင်များကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း Myingyan Black Tiger (MBT) တာဝန်ရှိသူက ပြောဆို သတိပေးသည်။