ရန်ကုန်၊ စက်တင်ဘာ ၂၃
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေတွင် ကျူးကျော်တပ်စွဲထားသော အကြမ်းဖက်စစ်တပ်စခန်းများကို ကော်သူးလေတပ်မတော်က ၃ ရက်အတွင်း ပစ်ခတ်တိုက်ခိုက်ရ စစ်သား ၅ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရကြောင်း မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်သည်။
စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဒွယ်လိုးမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်၏ ဆင်စွယ်စခန်းအနီးနှင့် နှစ်တောင်ကုန်းတွင် စစ်ကောင်စီတပ်ဖွဲ့များကို ကော်သူးလေတပ်မတော်က ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရကြောင်း သိရှိရသည်။
စက်တင်ဘာလ ၂၁ ရက် နေ့လယ် ၁ နာရီတွင် စစ်ကောင်စီသည် မဲဝိုင်အခြေစိုက် အကြမ်းဖက်စစ်တပ်စခန်းကို ရဟတ်ယာဉ်ဖြင့် စစ်သုံးပစ္စည်းများ လာရောက်ပို့ဆောင်စဉ် စခန်းပြင်သို့ ကျရောက်ခဲ့ပြီး လာရောက် ကောက်ယူသည့် စစ်သားများကို ကော်သူးလေတပ်မတော်က ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ပြီး မထောကျေးရွာအခြေစိုက် စစ်ကောင်စီတပ်က မဲဝိုင်ရွာအနီးသို့ ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
ယင်းအပြင် ဖာပွန်မြို့အနီးရှိ ထူးမေါဒဲရွာတံတားအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ကို ကော်သူးလေတပ်မတော်က ခြုံခိုတိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရကြောင်း KNU တပ်မဟာ ၅ သတင်းပြန်ကြားရေးက ဆိုသည်။
စက်တင်ဘာလ ၂၂ ရက်နေ့တွင် လယ်တိုးအခြေစိုက် စစ်ကောင်စီစခန်းကို ကော်သူးလေတပ်မတော်လက်အောက်ခံ KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်များက တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ BGF အင်အား ၁၀၀ ကျော်သည် ကမမောင်းမြို့၊ အုန်းတောလှေဆိပ်မှတဆင့် KNU တပ်မဟာ ၅ နယ်မြေအတွင်းသို့ ဝင်ရောက်လာပြီး စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်လာကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။
ဓါတ်ပုံ – ကော်သူးလေ တပ်မတော် တပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်ပါသည်)
Photo Credit – Wild Bird
