26 C
Yangon

မြောင်မြို့နယ်၊ နဘက်ကျေးရွာအနီးရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့စခန်းတစ်ခု စီးနင်းခံရ၊ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး PDF တစ်ဦး ကျဆုံးကာ စခန်း ဖျက်ဆီးခံရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ နဘက်ကျေးရွာအနီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စစ်ကိုင်းခရိုင် တပ်ရင်း ၆၊ တပ်ခွဲ ၃၊ ဗိုလ်နေတိုးပြောက်ကျားအထူးတပ်ဖွဲ့ အထိုင်စခန်းကို စက်တင်ဘာလ ၂၂ ရက် ယမန်နေ့ နံနက် ၅ နာရီခန့်တွင် အကြမ်းဖက်စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး စခန်းမှာ ဖျက်ဆီးခံလိုက်ရကြောင်း သတင်းရရှိသည်။

စစ်ကြောင်းနှစ်ကြောင်းဖြင့် စီးနင်းဝင်ရောက်လာသော အကြမ်းဖက်စစ်တပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီး ဗိုလ်နေတိုးအဖွဲ့၏ မဟာမိတ် ဗိုလ်တော်ထွန်းအဖွဲ့ (MBTT) မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ဗိုလ်နေတိုးပြောက်ကျားတပ်ဖွဲ့ထံမှ သိရှိရသည်။

“မြောက်ဘက်ကနေ ၄၀ လောက်၊ တောင်ဘက်ကနေ ၇၀ လောက်နဲ့ ဝင်လာတာ၊ စခန်းမှာက ရဲဘော် ၅၀ လောက်ရှိတယ်။ အပြန်အလှန် ပစ်ခတ်မှု ၃ မိနစ်လောက် ဖြစ်တယ်။ စခန်းက ဖျက်ဆီးခံရတယ်၊ ပိုက်ဆံတွေနဲ့ မိုင်းထုတ်လုပ်တဲ့ ပစ္စည်းတွေ၊ လက်လုပ် သေနတ် ၃ လက် ပါသွားတယ်” ဟု ဗိုလ်နေတိုးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

စခန်းစီးနင်းခံရမှုကြောင့် ကာကွယ်ရေးရဲဘော်များ ဆုတ်ခွာခဲ့ရပြီး စခန်းရှိ အဆောင်များ၊ မိုင်းထုတ်လုပ်ရေး ဆက်စပ်ပစ္စည်းများ၊ ငွေသား သိန်း ၂၀ ကျပ် စုစုပေါင်း ကာလတန်ဖိုး သိန်း ၁၅၀ ကျော်ခန့် ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

လက်ရှိတွင် စစ်အာဏာရှင်ကို ဆက်လက်တိုက်ခိုက်ရန် လက်နက်၊ ရိက္ခာများ အရေးပေါ်လိုအပ်နေပြီး ပြည်သူများ ပါဝင်ကူညီပေးကြရန် ဗိုလ်နေတိုးပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်တောင်းဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article