27 C
Yangon

ကျောက်ဖြူတွင် စျေးဝယ်လာသည့် စစ်သား ၁ ဦး ဓားခုတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကံကော်တောဘုရားအနီးတွင် ယနေ့ စက် တင်ဘာ ၂၃ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး စျေးဝယ်ရန် လာစဉ် ဓားထိုးခံရပြီး အခင်းဖြစ်ပွားသည့် နေရာတွင် သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ကျောက်ဖြူမြို့နယ်၊ ဂုံးချွန်ကျေးရွာနှင့် မလကျွန်းအကြား ကုန်းတစ်ခုတွင် စခန်းချနေထိုင်လျက်ရှိသော စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်တစ်ဦးသည် ဆိုင်ကယ်တစ်စီးဖြင့် ထွက်လာရာတွင် အမည်မသိ လူစုတစ်စုက ဓားဖြင့် ထိုးသတ်လိုက်ခြင်းဖြစ်ပြီး အခင်းဖြစ်ပွါးသည်နေရာတွင် သေဆုံးသွားသည်ဟု အမည်မဖော်လိုသူ မျက်မြင်တစ်ဦးက ပြောသည်။

“ဒီနေ့ နံနက်က ကံကော်တောနားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ယောက် ဓားထိုးခံရပြီးတော့ သေဆုံးသွားတယ်။ ဘယ်သူသတ်သွားတယ်ဆိုတာကိုလည်း ကျနော်တို့မသိဘူး။ ဆိုင်ကယ်စီးပြီးလာတဲ့အချိန်မှာ ဓားနဲ့ ထိုးသတ်ကြတာ”ဟုပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သားများ စခန်းချနေထိုင်သောကုန်းနှင့် ကံကော်တောဘုရားမှာ တစ်မိုင်နီးပါးခန့်ကွာဝေးပြီ စစ်ကောင်စီတပ်ဖွဲ့ ဓားထိုးခံရပြီးနောက် အဆိုပါလမ်းတစ်လျှောက် စစ်ကောင်စီတပ်ဖွဲ့ က နေအိမ်များသို့ဝင်ရောက် စစ်ဆေးများလုပ်နေပြီး ဒေသခံတစ်ချို့အား ဖမ်းဆီးခံရမှုတို့ရှိနေကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ တပ်သားမှာ ဂုံးချွိန်ကျေးရွာဖက်မှ စျေးဝယ်ပြီးတစ်ယောက်တည်း ပြန်လာစဉ်တွင် အသတ်ခံရခြင်းဖြစ်သည်ဟု နောက်ထပ်အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

“ဂုံးချွိန်နဲ့ မလကျွန်းကိုသွားတဲ့ ကုန်းတစ်ခုမှာ စစ်ကောင်စီက တပ်စခန်းချထားတာရှိတယ်။ အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ယောက်က ဆိုင်ကယ်နဲ့သွားပြီးတော့ စျေးဝယ်တယ်။ ပြန်လာတဲ့အချိန်မှာ အသတ်ခံရတာပါ။ အရပ်ဝတ်နဲ့သွားပြီး ပြန်လာတာပါ”ဟုပြောသည်။

လက်ရှိအချိန်တွင် ဂုံးချွိန်ကျေးရွာ လေတာပြင်ရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ခန့် ဝင်ရောက်စစ်ဆေးလျက်ရှိကြောင်း သေဆုံးနေသည့် စစ်ကောင်စီတပ်သား၏ အလောင်းကို ၄င်းတို့စခန်းချထားသောကုန်းသို့ ယူဆောင်သွားသည်ဟု မျက်မြင်များက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ဓါးထိုးခံရပြီးသေဆုံးမှုဖြစ်ပွားခြင်းပတ်သတ်၍ အနီး အနားက ဒေသခံများအား စစ်ကောင်စီက ဖမ်းဆီးများရှိနေသော်လည်း အရေအတွက် မည်မျှလောက်ဖမ်းဆီးခံရသည်ဆိုသည်ကို Western News သီးခြားအတည်ပြုလို့မရသေးပေ။ ဂုံးချွိန်ကျေးရွာနှင့် မလကျွန်းကြားတွင် စခန်းချနေထိုင်သော စစ်ကောင်စီတပ်သားများမှာ ကျောက်ဖြူမြို့အခြေစိုက် ခလရ ၃၄ တပ်ရင်းမှ တပ်ဖွဲ့ဝင်များဖြစ်သည်ဟု ဒေသခံများက ပြောဆိုကြသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့ကလည်း စစ်တွေမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် သိပ္ပံသည်လည်း ဆေးရုံးကြီးအနီးတွင် သေနတ်ပစ်ခံရပြီး သေဆုံးသွားခဲ့သည်။ ယင်းအပြင် ဇူလိုင်လ ၂၉ ရက်နေ့ကလည်း ကျောက်ဖြူမြို့မရဲစခန်းတွင် ရဲအချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး နယ်ထိန်ရဲတစ်ဦး သေဆုံးသွားခဲ့သည်။

(Western News-WNသည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article