ရန်ကုန်၊ ၂၃ စက်တင်ဘာ
ထိုင်းအစိုးရသည် မြန်မာအကြမ်းဖက် စစ်ကောင်စီနှင့် လွန်စွာနီးကပ် ပတ်သတ်ဆက်စပ်နေသော မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တဦးကို မူးယစ်ဆေးဝါးနှင့် ငွေကြေးခဝါချမှုများဖြင့် ဘန်ကောက်မြို့တွင် ဖမ်းဆီးခဲ့သည်။ အဆိုပါ ဖမ်းဆီးမှုသည် ထိုင်းနှင့် မြန်မာစစ်ကောင်စီတို့အကြား ကောင်းမွန်နေသည်ဟု ယူဆခဲ့သော ဆက်ဆံရေးကို စမ်းသပ်မည့် လုပ်ရပ်တစ်ခုလည်း ဖြစ်လာနေသည်။
မြန်မာနိုင်ငံတွင် သတ္တုတူးဖော်ရေးနှင့် ခရီးသွားလုပ်ငန်းများကို လုပ်ကိုင်နေသည်ဆိုသည့် စီးပွားရေးလုပ်ငန်းရှင် ထွန်းမင်းလတ်ကို ထိုင်းရဲများက လွန်ခဲ့သည့် စနေနေ့က ဖမ်းဆီးခဲ့သည်။ ထွန်းမင်းလတ်သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် လွန်စွာနီးကပ် ပတ်သတ်ဆက်စပ်နေသည့် စီးပွားဖက်တစ်ဦးဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြခဲ့ပြီး၊ အဆိုပါ ဝင်ရောက်စီးနင်း ဖမ်းဆီးမှုသည် မြန်မာနိုင်ငံ ရှမ်းပြည်နယ် နယ်စပ်မြိုရှိ မူးယစ်ဆေးဝါးကုန်သွယ်မှုမှ ငွေကြေးခဝါချမှုနှင့် ဆက်နွှယ်နေခြင်းဖြစ်သည်ဟုလည်း သိရသည်။
အဆိုပါ ဖမ်းဆီးမှုသည် စီးပွားရေးနှင့် စစ်ရေးအရ ခိုင်မာစွာ ချိတ်ဆက်မှု ရှိနေသော အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအတွက် ကသိကအောက် ဖြစ်စရာ အဖြစ်အပျက်လည်း ဖြစ်နေသည်။ အထူးသဖြင့် ထိုင်းနိုင်ငံသည် အာဏာသိမ်းပြီးကတည်းက ကမ္ဘာလုံးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများကို ခံနေရသော မြန်မာကောင်စီနှင့် ၎င်း၏ အပေါင်းအပါများအပေါ် ဝေဖန်ပြစ်တင် ပြောဆိုခြင်းများ အလျှင်းမရှိခဲ့သည်ကို တွေ့ရသည်။
အဆိုပါ ထိုင်းရဲတပ်ဖွဲ့၏ စီးနင်းမှုအတွင်း ထိုင်းအထက်လွှတ်တော်အမတ် Upakit Pachariyangkun ၏သားမက်ဖြစ်သူသည်လည်း မူးယစ်ဆေးဝါးရောင်းချရန် ပူးပေါင်းကြံစည်မှုဖြင့် ဖမ်းဆီးခံခဲ့ရကြောင်း ယင်းကိစ္စနှင့် နီးစပ်သူတစ်ဦးက Bloomberg သတင်းဌာနသို့ ပြောကြားခဲ့သည်။ အဆိုပါဖမ်းဆီးမှုသည် မူးယစ်ဆေးဝါးဂိုဏ်းတခုအား စုံစမ်းစစ်ဆေးခြင်းမှ တစ်စိတ်တစ်ပိုင်းဖြစ်သောကြောင့် ထိလွယ်ရှလွယ် ကိစ္စဖြစ်သည်ဟု အမည်မဖော်လိုသူတဦးက ပြောသည်။
ထိုင်းအမျိုးသား သုံးဦးနှင့် မြန်မာနိုင်ငံသား အသက် ၅၃ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ယခုသီတင်းပတ်အစောပိုင်းတွင် အတည်ပြုခဲ့သည်။ ဖြစ်စဉ်အတွင်း ပိုင်ဆိုင်မှု ဘတ်ငွေ သန်း ၂၀၀ ကျော် (ဒေါ်လာ ၅.၃၅ သန်း)ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟုလည်း ဆိုသည်။
ဖမ်းဆီးခံရသူများထဲတွင် ထွန်းမင်းလတ်လည်း ပါဝင်ကြောင်းနှင့် စုံစမ်းစစ်ဆေးရေးအရာရှိများမှ အမှုကိုဆက်လက် တည်ဆောက်လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး Kissana Phathanacharoen က သောကြာနေ့တွင် ပြောကြားခဲ့သည်။ “အမှုကို ဘယ်တော့ ရုံးတင်စစ်ဆေးမယ်ဆိုတာ အစိုးရရှေ့နေရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
မြန်မာစစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းအား အဆိုပါကိစ္စနှင့်ပတ်သတ်၍ မှတ်ချက်ပေးရန် တောင်းဆိုချက်အား တုံ့ပြန်ခြင်း မရှိသေးကြောင်း သိရသည်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ထွန်းမင်းလတ် ရှယ်ယာထည့်ဝင်ထားသော ကုမ္ပဏီသည် ၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်သို့ ဒေါ်လာ ၇၁,၅၀၀ ခန့် လှူဒါန်းခဲ့ကြောင်းဖော်ပြခဲ့ပြီး၊ ထိုလှုဒါန်းသောအချိန်တွင် မြန်မာစစ်တပ်သည် အမေရိကန်က လူမျိုးတုံးသတ်ဖြတ်မှုဟု သတ်မှတ်ခဲ့သော ရိုဟင်ဂျာမွတ်စလင် လူနည်းစုများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်နေချိန်လည်း ဖြစ်သည်။
မြန်မာစစ်တပ်၏ အဓိကထောက်တိုင်ဖြစ်သော မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ ဒါရိုက်တာဟောင်းလည်းဖြစ် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်းလည်းဖြစ်သော ထွန်းမင်းလတ်၏ ဖခင်သည် ၁၉၉၉ ခုနှစ်အတွင်း မြန်မာနယ်စပ် တာချီလိတ်ရှိ ကာစီနိုအပန်းဖြေစခန်းအတွက် ထိုင်းကုမ္ပဏီနှင့် နှစ် ၃၀ စာချုပ် ချုပ်ဆိုခဲ့ကြောင်း Justice for Myanmar တက်ကြွလှုပ်ရှားသူအဖွဲ့၏ အစီရင်ခံစာအရ သိရသည်။ အဆိုပါကာစီနို စီမံကိန်းတွင် ထိုင်းလွှတ်တော်အမတ် Upakit Pachariyangkun သည် ထိုင်းကုမ္ပဏီကိုယ်စား လက်မှတ်ရေးထိုးခဲ့သည်။
Upakit Pachariyangkun သည် လျှပ်စစ်မီးပွဲစား အဖြစ် ပုံဖော်ထားသည့် ထွန်းမင်းလတ်နှင့် စီးပွားရေး ဆက်ဆံမှုများ ရှိနေကြောင်း ကြာသပတေးနေ့တွင် ပြုလုပ်ခဲ့သော ထိုင်းသတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သည်။ သို့သော် ထွန်းမင်းလတ်အနေနဲ့ တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွင် ပါဝင်ပတ်သက်နေမည်ဟု သူ မယုံကြည်ကြောင်း ပြောခဲ့သည်။
“သူက ရိုးရိုးသားသား စီးပွားရေးလုပ်တယ်” ဟုပြောကြားခဲ့သလို “ကျွန်တော့်မိသားစုနဲ့ ကျွန်တော့်မှာ ချို့ယွင်းချက်မှတ်တမ်းတွေလည်း မရှိပါဘူး” ဟု Upakit က ပြောသည်။ သို့သော်ထွန်းမင်းလတ်သည် မြန်မာစစ်အစိုးရထံ အစ္စရေးလက်နက်များ ရောင်းချခဲ့ကြောင်းကိုတော့ ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
News Source – Bloomberg