24 C
Yangon

စစ်ကောင်စီထံ အောက်ကျို့၍ စာချုပ်ချုပ် အလုပ်လုပ်နေသော မြန်မာနိုင်ငံမှ ကုလအေဂျင်စီများ ချက်ချင်းအလုပ် ရပ်ဆိုင်းရန် အဖွဲ့ ၆၃၈ ခုက ကုလအတွင်းရေးမျူးချုပ်ထံ တောင်းဆို

Must read

စစ်ကောင်စီနှင့်လက်တွဲနေသည့် ကုလအေဂျင်စီများကို ပြင်းပြင်းထန်ထန်ရှုတ် ချ

ရန်ကုန်၊ စက်တင်ဘာ ၂၃

အကြမ်းဖက်စစ်ကောင်စီလက်အောက်ထံတွင် အောက်ကျို့၍ အလုပ်လုပ်နေသော မြန်မာနိုင်ငံမှ ကုလသမဂ္ဂ အေဂျင် စီများ၊ ရန်ပုံငွေအဖွဲ့များ၊ အစီအစဥ်များနှင့် အခြားအဖွဲ့အစည်းများကို မြန်မာစစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံနေမှုများ ချက်ချင်း ရပ်ဆိုင်းရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမျူးချုပ်ထံသို့ အရပ်ဘက်အဖွဲ့အစည်း ၆၃၈ ဖွဲ့က စာရေးသားတောင်းဆိုလိုက်ကြသည်။

ကုလသမဂ္ဂအဖွဲ့အစည်းများသည် မြန်မာစစ်အုပ်စုကို တရားဝင်မှုရရှိစေရေး လုပ်ဆောင်နေမှုများကို ရပ်တန့်ရမည်ဖြစ်ပြီး ယင်းအစား ရာထူးခန့်အပ်လွှာများ ပေးအပ်ခြင်း၊ သဘောတူစာချုပ်များနှင့် နားလည်မှု စာချွန်လွှာများ လက် မှတ်ရေးထိုးခြင်းတို့ကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရဖြစ်သော အမျိုး သား ညီညွတ်ရေး အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် လုပ်ဆောင်ရမည်ဖြစ်ကြောင်း အရပ်ဘက်လူထုအဖွဲ့အစည်း ၆၃၈ ဖွဲ့က တောင်း ဆိုလိုက်ခြင်းဖြစ်သည်။

ကုလသမဂ္ဂ အေဂျင်စီများ၊ ရန်ပုံငွေအဖွဲ့များ၊ အစီအစဥ်များနှင့် မြန်မာနိုင်ငံအတွင်း လုပ်ကိုင်နေကြသော အခြားအစုအဖွဲ့ အသီသီးတို့မှ မကြာသေးမီက တရားဝင်မှုမရှိနေသည့် မြန်မာစစ်အုပ်စုနှင့် သဘောတူ စာချုပ်အသစ်များ ထပ်မံချုပ်ဆိုခြင်း နှင့် ခန့်အပ်လွှာများပေးအပ်ခြင်းတို့ လုပ်ဆောင်ခဲ့သည့်အပေါ် အပြင်းထန်ဆုံး ရှုတ်ချကြောင်း အရပ်ဘက်အဖွဲ့များက ထုတ်ပြန်ပြောဆိုသည်။

မြန်မာနိုင်ငံရှိ အကျပ်အတည်းကို ဖြေရှင်းရန်အတွက် အခြေခံမူများအပေါ် ရပ်တည်သော ညှိနှိုင်းပူးပေါင်းဆောင်ရွက်သည့် ကုလသမဂ္ဂ၏ တုံ့ပြန်ဆောင် ရွက်မှုကို ကုလအတွင်းရေးမှူးချုပ်က ကြားဝင်ဆောင်ရွက်ပေးပါရန်တိုက်တွန်းကြောင်း၊ ထို့အပြင် အခြားကုလသမဂ္ဂ အဖွဲ့အစည်းများအနေဖြင့် တရားမဝင် လူသတ်စစ်အုပ်စုအား တရားဝင်မှု ရရှိစေမည့် မည်သည့် ပူးပေါင်းဆောင်ရွက်မှုနှင့် ထိတွေ့ဆက်ဆံမှု ပုံစံအားလုံးကို ချက်ချင်းရပ်ဆိုင်းပြီး ယင်းအစား မြန်မာ နိုင်ငံ၏ တရားဝင်အစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများထံသို့ ခန့်အပ်လွှာနှင့် သဘောတူစာချုပ် တင်ပြမှုများ လုပ်ဆောင်ရန်
တိုက်တွန်းထားသည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အရပ်ဘက်လူထုအဖွဲ့အစည်း ၂၅၆ ဖွဲ့တို့မှ ကုလသမဂ္ဂအဖွဲ့အစည်းများကို စစ်အုပ်စုအား တရားဝင်မှု ရရှိစေမည့် မည်သည့်ထိတွေ့ဆက်ဆံမှုမဆို မလုပ်ဆောင်ရန် တိုက်တွန်းတောင်းဆိုခဲ့ပြီး ဖြစ်သည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)၊ ကုလသ မဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF)၊ ကုလသမဂ္ဂ စား နပ် ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၊ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) အားလုံးတို့သည် ၂၀၂၂ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလများအတွင်း စစ်အုပ်စုနှင့် သဘောတူ စာချုပ်အသစ်များ လက် မှတ်ရေးထိုးခဲ့သကဲ့သို့ ရာထူးခန့်အပ်လွှာများကိုလည်း သွား ရောက်အပ်နှင်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လူသိရှင်ကြား အခမ်းအနားများနှင့် ဓါတ်ပုံများကို စစ်အုပ်စုက ၎င်း၏ တရားဝင်မှုရရှိရေး ဆက်လက်ကြိုးပမ်းမှုတွင် ဝါဒဖြန့်ချိရေးလက်နက်အဖြစ် အသုံးချလျက်ရှိကြောင်း အရပ်ဘက်အဖွဲ့များက ဝေဖန်ထောက်ပြသည်။

ကုလသမဂ္ဂအဖွဲ့အစည်းများ လုပ်ဆောင်ခဲ့သော လုပ်ရပ်များသည် စစ်အုပ်စုနှင့် အတူရပ်တည်လိုက်ခြင်းဖြစ်သည့်အပြင် မြန်မာပြည်သူများအပေါ် စစ်အုပ်စု၏ နိုင်လိုမင်းထက်ပြုမှုများ အဆုံးသတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည် ထောင် ရေးအတွက် ယနေ့ထိတိုင် တစ်စုတစ်စည်းတည်း ခုခံတော်လှန်နေကြသည့် ပြည်သူတို့၏ ကြိုးစားအားထုတ်မှုနှင့် အနစ်နာခံစတေးမှုများကို မှေးမှိန်ထိခိုက် စေကြောင်း၊ ထိုလုပ်ရပ်များသည် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ မဖြစ်မနေလိုက်နာရမည့်အပြင် ၎င်းတို့ကိုယ်တိုင်အား တာဝန်ယူ တာဝန်ခံမှု ရှိစေရန် ကုလသမဂ္ဂ၏ ပူးတွဲစီမံဆောင်ရွက်မှုဆိုင်ရာ စံသတ်မှတ်များနှင့် ထိတွေ့လုပ် ဆောင်မှုဆိုင်ရာ မူဘောင်တို့တွင် ပြဌာန်းပါရှိသည့် ဘက်မလိုက်ရေး၊ ကြားနေရေး၊ အမှီအခိုကင်းရေးနှင့် “မည်သူမျှ ထိခိုက်နစ်နာမှု မရှိစေရေး” ဟူသော ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများကို ချိုးဖောက်ခြင်းပင် ဖြစ်သည်ဟု အရပ်ဘက်အဖွဲ့များက ဆိုသည်။

ထို့အပြင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် စစ်အုပ်စုကို နိုင်ငံကိုယ်စားပြုခွင့် ငြင် းပယ် ထားပြီး မြန်မာပြည်သူတို့၏ တရားဝင်အစိုးရ အမျိုးသားညီညွတ်ရေးအစိုး ရ (NUG) ကို ကိုယ်စားပြုသော တာဝန် ထမ်းဆောင်နေသူ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ၎င်း၏ ရာထူးနေရာတွင် ဆက်လက်ထားရှိရန် တိုက်တွန်းထားသော ကုလသမဂ္ဂ အထောက်အထားစိ စစ်ရေး ကော်မတီ၏ အကြံပြုတင်ပြချက်ကို ကုလသမဂ္ဂ အထွေထွေညီလာခံက အတည်ပြုသည့်ဆုံးဖြတ်ချက် တစ်ရပ် ချမှတ်ခဲ့ကြောင်း၊ သို့ဖြင့် မြန်မာနိုင်ငံအတွင်းရှိ ကုလသမဂ္ဂအေဂျင်စီများ၊ ရန်ပုံငွေအဖွဲ့များနှင့် အစီအစဥ်များသည် အဆိုပါ ဆုံးဖြတ်ချက်ကို လမ်းညွှန်အဖြစ် ထားရှိသင့်ပြီး စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံခြင်း မပြုဘဲ NUG နှင့်သာ ထိတွေ့ဆက်ဆံသင့်သည်ဟု အကြံပြုထား သည်။

မြန်မာစစ်အုပ်စုသည် မြန်မာနိုင်ငံအတွင်း နိုင်ငံရေးတရားဝင်မှု မရှိရုံသာမက နယ်မြေအုပ်စိုးမှုလည်း မရှိကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင် စီ (SAC-M) ၏ မကြာသေးမီက ထွက်ရှိသော သုံးသပ်ချက်စာတမ်းအရ NUG နှင့် ခုခံတော်လှန်ရေးအဖွဲ့အစည်းများသည် မြန်မာနိုင်ငံ၏ နယ်မြေ ၅၂ ရာခို င်နှုန်းကျော်ကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ချိန်တွင် စစ်အုပ်စုသည် ၂၃ ရာခိုင်နှုန်းသောနယ်မြေကို ထိန်းချုပ်နိုင်ရန် ရုန်းကန်နေရသည့်သဖြင့် အမှန်စင်စစ်မှာ စစ်အုပ်စုက သေချာထိန်းချုပ်ထားနိုင်သည့် နယ်မြေပမာဏသည် မြန်မာနိုင်ငံနယ်မြေအားလုံး၏ ၁၇ ရာခိုင်နှုန်းကျော်သာ ရှိနေကြောင်း ထောက်ပြထားသည်။

ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံရှိ အကျပ်အတည်းကို ဖြေရှင်းရာတွင် ရှေ့ နောက် မညီညွတ်သော၊ ထိရောက်မှုအားနည်းသော ချဥ်းကပ်မှုကို လုပ်ဆောင်သည်သာမက မြန်မာစစ်အုပ်စုနှင့် နားလည်မှု စာချွန်လွှာများ၊ သဘောတူစာ ချုပ် များ လက်မှတ်ရေးထိုးမှုများက မြန်မာပြည်သူများအပေါ် အကြမ်းဖက်ပြီး ကြီးလေးသည့် နိုင်ငံတကာရာဇဝတ်မှုများအတွက် တာဝန်ရှိနေသော အဖွဲ့အစည်း တစ်ရပ်ကို ကုလသမဂ္ဂက အသိအမှတ်ပြုသည် ဆိုသည့်သတင်းစကားအမှားကို စစ်အုပ်စုနှင့် ကမ္ဘာကြီးတစ်ခုလုံးကိုပါ ပေးပို့နေခြင်းပင် ဖြစ်ကြောင်း၊ ယင်းအချက်က စစ်အုပ်စုကို ပြဏ်ဒဏ်ကင်းလွတ်စွာြဖင့် နောက်ထပ်သော ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများကို ထပ်မံကျူးလွန်စေရန် အားပေးအားမြှောက်ေနေရုံသာမက ကုလသမဂ္ဂသည် တကယ့်လက်တွေ့တွင် အထွေ ထွေ ညီလာခံ၊ လူ့အခွင့်အရေးကောင်စီနှင့် လုံခြုံရေးကောင်စီ ဥက္ကဌမှ ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ကြေညာချက်တစ်စောင် အပါအဝင် ၎င်း၏ ဆုံးဖြတ်ချက်များနှင့် ထုတ်ပြန်ကြေညာချက်များတွင် ပြဌာန်းထားသည့်အတိုင်း မြန်မာပြည်သူများ၏ ဆန္ဒကို အမှန်တကယ် လေးစားခြင်း မရှိကြောင်းကိုလည်း ဖော်ပြနေခြင်းဖြစ်သည်ဟု ထောက်ပြထားသည်။

၂၀၁၇ ခုနှစ် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကို ကိုင်တွယ်ဖြေရှင်းရာတွင် တစ်စုတစ်စည်းသော ချဥ်းကပ်မှုတစ်ခု ဖော်ဆောင်ပေးရန် ပျက်ကွက်ခဲ့သည့် ကုလ သမဂ္ဂ၏ “စနစ်ပိုင်းဆိုင်ရာနှင့် အဆောက်အအုံပိုင်းဆိုင်ရာ အလုပ်မဖြစ်ခဲ့မှုများ” ကို ၂၀၁၉ ခုနှစ် Rosenthal အစီရင်ခံစာတွင် မီးမောင်းထိုး ဖော်ပြခဲ့ပြီးသည့်နောက်တွင်ပင် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ၏ ချဥ်းကပ်မှုများတွင် ထိုပြဿနာများ ဆက်လက်တည်ရှိနေသည်မှာ အထင်အရှားပင် ဖြစ်ကြောင်း တောင်းဆိုစာတွင်ဖော်ပြထားသည်။

မြန်မာပြည်သူများသည် ၎င်းတို့၏ တရားဝင်အစိုးရဖြစ်သော NUG နှင့် ၎င်းတို့၏ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ကို ကုလသမဂ္ဂတွင် ကိုယ်စားပြုစေလိုကြောင်း ကျယ်ကျယ်လောင်လောင်၊ ရှင်းရှင်း လင်းလင်း ထုတ်ဖော်ပြီးသား ဖြစ်သည်။ မြန်မာပြည်သူများ၏ ၎င်းတို့အစိုးရ ရွေးချယ်လိုမှုနှင့် ကုလသမဂ္ဂတွင် ၎င်းတို့ကိုယ်စားလှယ်အား ရွေးချယ်လိုသည့်ဆန္ဒအပြင် မြန်မာနိုင်ငံအတွင်း ဖက်ဒရယ် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ၎င်းတို့၏ ရုန်းကန်ကြိုးစားနေမှုများကို ကုလသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများက အပြည့်အဝ အသိအမှတ်ပြု လေးစားရမည် ဖြစ်သည်ဟု တောင်းဆိုထားသည်။

ဓာတ်ပုံ- ကုလသမဂ္ဂအတွင်းရေးမှူးချုပ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article