ရန်ကုန်၊ စက်တင်ဘာ ၂၄
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ အင်းပါတ်ကျေးရွာကို အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများက စက်တင်ဘာလ ၂၄ ရက် နံနက်တွင် သေနတ်ပစ်ဖောက်ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးနေကြောင်း သတင်းရရှိသည်။
“ရေဦးက ခွေးတွေနဲ့ ရွာသစ်ကုန်းက ခွေးတွေပေါင်းပြီး မီးဝင်ရှို့တာပါ၊ ခွေးတွေ တပ်စွဲထားတဲ့ ရွာသစ်ကုန်းရွာနဲ့ အင်းပါတ်ရွာက တစ်မိုင်လောက်ပဲ ဝေးပါတယ်၊ ရထားသံလမ်းလေးပဲ ခြားပါတယ်။ ဒီမနက် ၅ နာရီမှာ စဝင်လာပါတယ်၊ ၈ နာရီလောက်မှာ မီးခိုးတွေ အရမ်းများလာပါတယ်” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၄၀ ခန့်သည် အင်အား ၄၀ ခန့်သည် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ် ဝင်ရောက် စီးနင်းခဲ့ပြီး ယနေ့ နံနက် ၇ နာရီမှ စတင်ကာ အင်းပါတ်ကျေးရွာကို မီးတင်ရှို့နေကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြသည်။
အင်းပါတ်ကျေးရွာကို စစ်ကောင်စီအဖွဲ့က ယနေ့ ဝင်ရောက်မီးရှို့ခြင်းသည် တတိယအကြိမ်မြောက်ဖြစ်ပြီး မေလ ၁ ရက်နေ့တွင် ပထမအကြိမ် ဝင်ရောက်မီးရှို့စဉ် အိမ်ခြေ ၃၀၀ ဝန်းကျင် မီးလောင်ပျက်စီးခဲ့သည်။
ယခုတစ်ကြိမ်ဝင်ရောက် မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်ပျက်စီးသည့် နေအိမ်အရေအတွက်ကို ကနဦး မသိရှိရသေးပေ။
ဓါတ်ပုံ – အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်မီးရှို့မှုကြောင့် စက်တင်ဘာလ ၂၄ ရက် နံနက် ၈ နာရီတွင် အင်းပါတ်ကျေးရွာ မီးလောင်နေသည်ကို တွေ့ရစဉ်