33 C
Yangon

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ နိုင်ငံတော်အဆင့် ဈာပနအခမ်း အနားသို့ စစ်ကောင်စီကို ဖိတ်ကြားမှု အပြင်းအထန် ကန့်ကွက်ခံရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၄

လာမည့် စက်တင်ဘာ ၂၇ ရက်နေ့တွင် ကျင်းပမည့် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ နိုင်ငံတော်ဈာပနသို့ မြန်မာနိုင်ငံအပါအဝင် တက်ရောက်မည့် နိုင်ငံများစာရင်းကို ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါစာရင်းအရ စစ်ကောင်စီ၏ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် စိုးဟန်သည် ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ နိုင်ငံတော်ဈာပနအခမ်းအနားသို့ တက်ရောက်မည်ကြောင်း သိရသည်။

စိုးဟန်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လက်ထက်အတွင်း ၂၀၂၀ ခုနှစ်နှောင်းပိုင်းတွင် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်သံအမတ်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်တပ်က အာဏာသိမ်းအပြီးတွင် ၎င်း၏ လုပ်ဖော်ကိုင်ဖက်နှစ်ဦးမှာ CDM လှုပ်ရှားမှုကို ထောက်ခံကြောင်း ဖော်ပြခဲ့သည့်အတွက် တိုကျိုမြို့ရှိ မြန်မာသံရုံးမှ နှင်ထုတ်ခြင်း ခံခဲ့ရသော်လည်း ၎င်းမှာမူ သံတမန်အဖြစ် ဆက်လက် ရပ်တည်နေနိုင်ခဲ့သည်။

စက်တင်ဘာလ အစောပိုင်းတွင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၏ ဂျပန်ရုံးခွဲမှ ဂျပန်အစိုးရထံ စာတစောင်ပေးပို့ခဲ့ပြီး၊ နိုင်ငံတော်ဈာပန အခမ်း အနားသို့ မည်သည့်မြန်မာကိုယ်စားလှယ်ကိုမျှ တက်ရောက်ခွင့် မပြုစေရေး တားမြစ်ပေးရန် ဂျပန်အစိုးရအား တရားဝင်တောင်းဆိုခဲ့သည်။

မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်တစ်ဦးကို တက်ရောက်ခွင့်ပြုခြင်းသည် ဂျပန်က မြန်မာစစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုသည်ဟု ပြသရာရောက်ကြောင်း NUG က အသိပေးပြောကြားထားသည်။

ထို့အပြင် ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေး၏ နိုင်ငံတော်စျာပနအခမ်းအနားသို့ စစ်ကောင်စီကိုယ်စားလှယ်အား တက်ရောက်ခွင့်ပြုလိုက်သည့်အပေါ် ပြင်း ထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း NUG Support Team Japan ကလည်း ယမန်နေ့က ထုတ်ပြန်ထားသည်။

လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသည့် မြန်မာဖက်ဆစ်စစ်တပ်ကို နိုင်ငံတကာအသိုင်းအဝိုင်းက ပြစ်တင်ဝေဖန်မှု များစွာရှိနေသည့်အပြင် ဂျပန်နိုင်ငံအပါအဝင် ကမ္ဘာအနှံ့တွင် နေထိုင်ကြသော မြန်မာနိုင်ငံသားများနှင့် မြန်မာ့ဒီမိုကရေစီအရေးလိုလားသူ ဂျပန်နိုင်ငံသားများမှ ပြင်းပြင်းထန်ထန် ကန့်ကွက်နေသည့်ကြားမှ စစ်ကောင်စီနှင့် ပနံသင့်စေရန် လုပ်ဆောင်ခဲ့သည့် ဂျပန်နိုင်ငံခြားရေးဌာန၏ လုပ်ရပ်သည် အင်မတန်အရှက် သိက္ခာမဲ့သည့်လုပ်ရပ်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထိုသို့ သံတမန်ရေးရာအရ အရေးပါသည့် ကိုယ်စားပြုမှုတွင် စစ်ကောင်စီ ကိုယ်စားလှယ်အား တက်ရောက်စေမှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်တုံ့ပြန်သည့်အနေဖြင့် လာမည့်စက်တင်ဘာ ၂၆ ရက်တွင် တိုကျိုမြို့ရှိ ဂျပန်နိုင်ငံ ခြားရေးဝန်ကြီးရုံးရှေ့တွင် မြန်မာနိုင်ငံသားများက ဆန္ဒပြသွားရန်ရှိကြောင်းလည်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article