ရန်ကုန်၊ စက်တင်ဘာ ၂၄
လူမှုကွန်ရက်ရှိ စစ်အာဏာရှင် ဆန့်ကျင်ရေး သတင်း များကို တန်ပြန်နိုင်ရန်နှင့် ဝါဒဖြန့်ချိနိုင်ရေး စစ်တပ်အသိုင်းအ၀ိုင်းအတွင်း အသုံးပြုမည့် “ရဲဝင့်စွန့်စား ပြည်ချစ်သား” Mobile Application ကို စစ်တပ်က ရေးဆွဲနေပြီး ယင်း Application သုံးလျှင် အင်တာနက်ခ မဖြတ်ရန် လုပ်နေကြောင်း ပို့/ဆက် ဝန်ကြီးဌာနဘက်မှ ပေါက်ကြားလာသော ရုံးစာအရ သိရှိရသည်။
စစ်တပ်နှင့်ပတ်သက်သော သတင်းအမှန်များကို စစ်တပ်အတွင်း ဖြန့်ချိရန် ၊ စစ်တပ်အသိုင်းအ၀ိုင်းအကြား စည်းလုံးညီညွတ်ရေးအတွက် အဆိုပါ Application ကို စစ်တပ်က ရေးဆွဲနေခြင်းဖြစ်ကြောင်း ၊ စစ်တပ်အသိုင်းအ၀ိုင်း မှ စစ်သားများအားလုံးနှင့် မိသားစုများ အားလုံး အသုံးပြုနိုင်ရေး အင်တာနက်ဖြတ်တောက်ခြင်းမပြုဘဲ ဒေတာ အခမဲ့ အသုံးပြုနိုင်ရေး တယ်လီကွန်းလုပ်ငန်းဖြစ်သည့် Mytel နှင့် MECTEL တို့နှင့် ပို့/ဆက်ဝန်ကြီးဌာနက ညှိနှိုင်းဆောင်ရွက်ပေးရန် စစ်တပ်က တင်ပြလာကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီသည် စစ်အာဏာသိမ်းပြီးနောက် ဝါဒဖြန့်ချိရေးအတွက် Mtube ၊ Ok par လူမှုကွန်ရက် ၊ ရဲဝံ့စွန်းစား ပြည်ချစ်သား စသည့် Application အမျိုးမျိုးကို တီထွင်၍ ဝါဒဖြန့်ချိရန် ကြိုးစားလျက်ရှိကြောင်း သိရှိရသည်။