ရန်ကုန်၊ စက်တင်ဘာ ၂၄
စစ်ကိုင်းတိုင်း၊တန့်ဆည်တွင် စစ်ကောင်စီတပ်များက ယနေ့ သဲစား၊ အင်းနား၊ ငှက်ပျောတောကျေးရွာများကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နံနက်ပိုင်းတွင် တန့်ဆည်မြို့နယ် သဲစားကျေးရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့လိုက်သဖြင့် ရွာအရှေ့အနောက် အိမ်ခြေအားလုံးနီးပါး လောင်ကျွမ်းနေကြောင်း၊ ယင်းနောက် အင်းနားနှင့်ငှက်ပျောတောကျေးရွာများကိုလည်း မွန်းလွဲပိုင်းတွင် မီးရှို့လျက်ရှိကြောင်း ဒေသခံများက ဆိုကြသည်။
“ဒီနေ့ မနက်ပိုင်းမှာ သဲစားကို မီးရှို့တယ်။။ မွန်းလွဲ ၂ နာရီလောက်ကနေစပြီး အင်းနားနဲ့ ငှက်ပျောတောကျေးရွာမှရြှိတဲ့ အရပ်သားပြည်သူနေအိမ်တွေကို အကြောင်းမဲ့ စစ်တပ်က မီးရှို့ ဖျက်ဆီးနေတာပါ။ အခု လက်ရှိအချိန်ထိ ရှို့နေတယ်။ အင်းနား ကျေးရွာမှာ။ အဝေးကနေ သစ်ပင်ပေါ်က လှမ်းကြည့်ရတာမို့ မီးရှို့ခံရတဲ့ အိမ်ခြေအရေအတွက်ကို အတိအကျ မသိရသေးပါဘူ။ အင်းနားကျေးရွာမှာအိမ်ခြေ ၁၄၀ ကျော်ပဲ ရှိတာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။
တန့်ဆည်မြို့နယ် ငှက်ပျောတောရွာကို မီးရှို့ရန် ဝင်လာသော စစ်တပ်နှင့် ပျူစောထီးများကို ယနေ့ စက်တင်ဘာ၂၄ ရက်နေ့ မွန်းလွဲ ၁နာရီတွင် မိုင်း ၃ ကြိမ်၊ မွန်းလွဲ ၂နာရီခွဲခန့်တွင် တစ်ကြိမ်၊ ၃နာရီခန့်တွင် တစ်ကြိမ် စုစုပေါင်း မိုင်း၅ ကြိမ်ဖြင့် မိုင်းဆွဲတိုက်ခိုက်သဖြင့် အများအပြား ထိခိုက်သေဆုံးနိုင်ကြောင်း ဒေသသတင်းရင်းမြစ်များက ဆိုသည်။
သဲစားကျေးရွာကို မီးရှို့ပြီး ထွက်လာသော စစ်ကြောင်းက ငှက်ပျောတောရွာသို့ ဝင်ရောက်လာချိန်တွင် တန့်ဆည်မြို့နယ် မြောက်ပိုင်းပကဖ ထောင်ထားသော မိုင်းပွိုင့်၅ပွိုင့်မိခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးကြောင်း၊ ယခုအချိန်တွင် အကြမ်းဖက် စစ်တပ်က အင်းနားရွာနှင့် ငှက်ပျောတောရွာတို့ကို မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။
ဓာတ်ပုံ-သဲစားကျေးရွာနှင့်ငှက်ပျောတောကျေးရွာကို စစ်တပ်က ယနေ့ မွန်းလွဲပိုင်း မီးရှို့ဖျက်ဆီးနေစဉ်။