ရန်ကုန်၊ စက်တင်ဘာ ၂၄
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ယနေ့ စက်တင်ဘာလ ၂၄ ရက်နေ့ ညနေပိုင်း အခြေ ခံပညာကျောင်းသားများသပိတ်ကော်မတီ(လောင်းလုံးမြို့နယ်)၊ အမျိုးသမီး၊ LGBT နဲ့ လူငယ်တွေ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ကြပါတယ်။
“အကြမ်းဖက်စစ်ကောင်စီဟာ သူတို့အာဏာတည်မြဲရေးအတွက် ပညာသင်ကြားနေတဲ့ အပြစ်မဲ့ကလေးငယ်တွေပါမချန် ရက်ရက်စက်စက်ပစ်ခတ်သတ်ဖြတ်ခဲ့တယ်။ ဒါတွေက အခုမှတော့ မဟုတ်ပါဘူး။ ခေတ်အဆက်ဆက်ကလည်း အကြမ်းဖက်စစ်တပ်ဟာ တိုင်းရင်းသားညီအစ်ကိုတွေရဲ့နယ်မြေတွေက စာသင်ကျောင်းတွေကို ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ အစရှိတဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို ရက်ရက်စက်စက်ပြုလုပ်ခဲ့တယ်။ အကြမ်းဖက်စစ်တပ်ရဲ့ အဲဒီလို လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် အသက်ပေးဆပ်ခဲ့ရတဲ့ ကလေးငယ်ပေါင်း မနည်းတော့ပါဘူး။ အကြမ်းဖက်ကောင်တွေရဲ့ ယုတ်မာမိုက်မဲမှုကြောင့် အခုထိလည်း ကလေးအရွယ် ကျောင်းသားတွေရဲ့ သွေးတွေ စီးကျနေရတုန်းပါပဲ။ ဒါကြောင့်မို့ တိုင်းပြည့်ရဲ့ အနာဂတ်မျိုးဆက်သစ်တွေဖြစ်တဲ့ ကျောင်းသားတွေရဲ့ သွေးတွေ ထပ်မစီးကျရအောင်၊ အသက်တွေ ထပ်မစတေးရအောင် ပြည်သူလူထုတရပ်လုံးအနေနဲ့ စစ်အာဏာရှင်တွေကို ဖီဆန်တော်လှန်ကြဖို့ တိုက်တွန်းလိုပါတယ်”လို့ တော်လှန်ရေးဦးဆောင်သူတစ်ဦးက ပြောပါတယ်။
လူထုတစ်ရပ်လုံး ခါးစည်းခံနေရတဲ့ ဒုက္ခဆင်းရဲတွေ ချုပ်ငြိမ်းဖို့၊ ငြိမ်းချမ်းပြီး လွတ်လပ်တရားမျှတမှု အပြည့်အဝရှိတဲ့ တိုင်းပြည်တည်ဆောက်နိုင်ဖို့ဆို စစ်အာဏာရှင်တွေကို အမြစ်ဖြတ်နိုင်မယ့် လူထုတော်လှန်ရေးတစ်ရပ် ဆင်နွှဲဖို့ကလွဲပြီး အခြားနည်းလမ်း မရှိဘူးလို့ သပိတ်ဦးဆောင်သူတွေက ဟောပြောပါတယ်။