ရန်ကုန်၊ စက်တင်ဘာ ၂၅
ယမန်နှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်၍ CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့မှုကြောင့် စစ်ကောင်စီ၏ ထုတ်ပယ်ခြင်းခံခဲ့ရသော သံတမန်ဟောင်းတစ်ဦးက ၀န်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ နိုင်ငံတော်ဈာပနပွဲသို့ တက်ရောက်ရန် စစ်ကောင်စီ၏ မြန်မာသံအမတ်ကို ဖိတ်ကြားထားခြင်းအပေါ် ဂျပန်နိုင်ငံအား ပြစ်တင်ဝေဖန် ပြောဆိုလိုက်သည်။
အကယ်၍ ဂျပန်အစိုးရအနေနှင့် ရှင်ဇိုအာဘေး၏ ဈာပန အခမ်းအနားသို့ စစ်ကောင်စီ၏ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးစိုးဟန်အား အမေရိကန် ဒုသမ္မတ Kamala Harris နှင့် သြစတြေးလျ ဝန်ကြီးချုပ် Anthony Albanese အပါအဝင် အခြားနိုင်ငံရပ်ခြား အစိုးရကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ခွင့် ပြုမည်ဆိုပါက အကြမ်းဖက် မြန်မာစစ်ကောင်စီအား အစိုးရအဖြစ် အသိ အမှတ်ပြုရာ ရောက်သွားသကဲ့သို့ ဖြစ်သွားမည် ဖြစ်ကြောင်း CDM လှုပ်ရှားမှုတွင် ပါဝင်ထောက်ခံခဲ့သူ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ပထမအတွင်းဝန်ဟောင်း ဦးအောင်စိုးမိုးက ပြောကြားခဲ့သည်။
“ဂျပန်နိုင်ငံမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေဖြစ်တဲ့ ကျနော်တို့အနေနဲ့ အရေးကြီးတဲ့ နိုင်ငံတကာအခမ်းအနားတခုဖြစ်တဲ့ မစ္စတာ အာဘေးရဲ့ နိုင်ငံတော် ဈာပနမှာ ဘယ်မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်ကိုမှ ဖိတ်ကြားခြင်း မပြုကြဖို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကို တောင်းဆိုထားပါတယ်” ဟု အသက် ၅၃ နှစ်အရွယ် ဦးအောင်စိုးမိုးက တိုကျိုမြို့တွင် ယမန်နေ့က သတင်းထောက်များအား ပြောကြားခဲ့ခြင်း ဖြစ်သည်။
“မြန်မာစစ်ဗိုလ်ချုပ်တွေ လိုချင်တာက ဒီလို နိုင်ငံတကာ အခမ်းအနားတွေကတဆင့် သူတို့ရဲ့ စစ်ကောင်စီကို နိုင်ငံတကာအသိုက်အဝန်းက တရားဝင် အသိအမှတ်ပြုပြီး၊ ဒါဟာ ပြန်ပြင်လို့မရတော့တဲ့ နိုင်ငံတကာက အသိအမှတ်ပြု တရားဝင်အစိုးရအဖြစ် အရိုက်အရာ သိမ်းယူခြင်းမျိုး ဖြစ်သွားအောင် ကြံစီလုပ်ကိုင်ခြင်းဖြစ်တယ်” ဟု ၎င်းက ပြောဆိုခဲ့သည်။
စက်တင်ဘာ ၁၉ ရက် အင်္ဂလန် ဘုရင်မကြီး အဲလိဇဘက် ၂ ၏ နိုင်ငံတော်ဈာပနအခမ်းအနားသို့ မြန်မာကိုယ်စားလှယ်များ တက်ရောက်ခွင့်မပြုရန် ဗြိတိန်နိုင်ငံ၏ ဆုံးဖြတ်ချက်ကို ကိုးကား၍ ဂျပန်ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးများအနေနှင့် အလားတူ ပြတ်သားသော လုပ်ဆောင်ချက်၊ ရပ်တည်ချက်များနှင့်အတူ မင်းအောင်လှိုင်ဦးဆောင်သည့် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်သောဘက်က ရပ်တည်သင့်ကြောင်း ဦးအောင်စိုးမိုးက ပြောဆိုခဲ့သည်။
“ဂျပန်က မင်းအောင်လှိုင်ကို ဖိတ်ကြားတာတော့ မဟုတ်ဘူး၊ ဒါပေမယ့် Kishida(လက်ရှိဂျပန်ဝန်ကြီးချုပ်) အစိုးရက မြန်မာစစ်ကောင်စီက ခန့်အပ်ထားတဲ့ သံအမတ်ကို ဒီနိုင်ငံအဆင့်ပွဲကို တက်ရောက်ခွင့်ပေးရင် ဒါဟာ (မင်းအောင်လှိုင်ကို ဖိတ်တာနဲ့) အများကြီး ကွာခြားသွားမှာ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။
ဂျပန်အစိုးရဟာ အမျိုးသမီးများနှင့် ကလေးသူငယ်များကို ပစ်မှတ်ထားမှုတွေ အပါအဝင် ကိုယ့်ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ဖြိုခွင်းနေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တစ်ဦးကို ဘာကြောင့် ဖိတ်ကြားခဲ့သည် ဆိုသည်ကို မိမိအပါအဝင် ဒီမိုကရေစီဘက်တော်သားများ အနေနဲ့ နားမလည်အောင် ဖြစ်ရကြောင်း ဦးအောင်စိုးမိုးက ပြောသည်။
မြန်မာပြည်သူများ တခဲနက်ထောက်ခံမှု ရရှိထားသည့် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းခဲ့မှုနှင့်အတူ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရကို ဖြုတ်ချကာ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းရန် ကြံစည်ကြိုးပမ်းမှု စတင်ပြီးကတည်းက မြန်မာစစ်ကောင်စီသည် ဆန္ဒပြသူ ၂,၃၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး လူ ၉၇၄,၀၀၀ ခန့်အား အိုးအိမ်စွန့်ခွာ ထွက်ပြေးစေခဲ့သည်ဟု ကုလသမဂ္ဂနဲ့ တခြားအချက်အလက်တွေအရ သိရှိရသည်။
ရှင်ဇိုအာဘေး၏ ဈာပနသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ကိုယ်စားလှယ်တဦးဦးကို ဂျပန်နိုင်ငံမှ ဖိတ်ကြားသင့်သည်ဟု ယူဆပါသလား ဆိုသည့်မေးခွန်းအပေါ် ဦးအောင်စိုးမိုးက မြန်မာနိုင်ငံမှ လူအချို့ကတော့ ထိုသို့လုပ်ဆောင်သင့်ကြောင်း ထင်မြင်ကြပေမဲ့၊ မိမိသဘောကတော့ ဂျပန်အနေနှင့် ဗြိတိန်နိုင်ငံ၏ ဦးဆောင်မှု (မည်သည့်မြန်မာကိုယ်စားကိုမှ မဖိတ်ကြားမှု) အတိုင်း လိုက်နာဆောင်ရွက်သင့်သည်ဟု ထင်မြင်ကြောင်း ဆက်လက်ပြောဆိုခဲ့သည်။
“မြန်မာနိုင်ငံသား အတော်များများက NUG ကို ထောက်ခံပြီး၊ NUG ကို သူတို့ရဲ့ နိုင်ငံကိုယ်စားပြုအဖြစ် သတ်မှတ်ထားကြပေမဲ့၊ နိုင်ငံတကာ အခမ်းအနားတခုဖြစ်တဲ့ ဂျပန်နိုင်ငံတော်ဈာပနမှာတော့ ဂျပန်က မြန်မာစစ်တပ်ကို ဖိတ်ကြားတာဟာ မြန်မာပြည်သူတွေအတွက် တရားမျှတမှု မရှိဘူး” ဟု ၎င်းက ဆိုသည်။
ဂျပန်နိုင်ငံသည် မြန်မာစစ်အာဏာသိမ်းမှုကို ရှုတ်ချခဲ့သော်လည်း အတိုက်အခံ NUG အစိုးရကိုမူ မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖွဲ့အဖြစ် အသိအမှတ်ပြုခြင်း မရှိသေးပေ။
“ကျွန်တော်တို့ရဲ့ (နိုင်ငံ)ကိုယ်စားလှယ်အဖြစ် မသတ်မှတ်ထားတဲ့သူတွေကို လာမဲ့ အင်္ဂါနေ့ အခမ်းအနားမှာ တက်ရောက်ဖို့ ဂျပန်အစိုးရက ခွင့်ပြုတာကို ကန့်ကွက်ပါတယ်၊ ဂျပန်နိုင်ငံအနေနဲ့ မြန်မာအကြမ်းဖက် စစ်တပ်နဲ့ အဆက်အသွယ် ချက်ချင်းဖြတ်ဖို့ကို ကျွန်တော်တို့ လိုလားပါတယ်” ဟု ဦးအောင်စိုးမိုးက ဖြည့်စွက်ပြောကြားခဲ့သည်။
(သတင်းရင်းမြစ်- “Bar junta envoy from attending Abe funeral, axed Myanmar diplomat says” by Kyodo News)