26 C
Yangon

နေပြည်တော်မှ တုန်လှုပ်ခြောက်ခြားနေသည့် စစ်ခေါင်းဆောင်များအတွက် မရဏ တရား (သို့မဟုတ်) အငြိမ်းစား ဗိုလ်မှူးချုပ် အုန်းသွင် သတ်ဖြတ်ခံရမှု၏ နောက်ကွယ်

Must read

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် လက်ရှိ စစ် ဗိုလ်ချုပ်များ၊ ယခင် စစ်ဗိုလ်ချုပ်ဟောင်း များ၏ မိတ်ဆွေ၊ အစ်ကိုကြီး၊ ဆရာဖြစ်ခဲ့သူ စစ်တက္ကသိုလ်အပတ်စဉ် ၁၅ ကျောင်းဆင်း အငြိမ်းစား ဗိုလ်မှူးချုပ် အုန်းသွင်သည် စက်တင် ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန် ၎င်း၏ သားမက်ဖြစ်သူ ဗိုလ်ကြီးဟောင်း ရဲတေဇနှင့်အတူ ပစ်ခတ် ရှင်းလင်းခံရပြီး သေဆုံးခဲ့ပြီဖြစ်သည်။

စစ်ခေါင်းဆောင်တို့၏ စီနီယာအစ်ကိုကြီးဖြစ်သည့်အတွက် သေဆုံးချိန်တွင်တောင်မှ အခွင့်ထူးခံ အခွင့်အရေးကို သူရရှိခဲ့သည်။ အငြိမ်းစား ဗိုလ်မှူးချုပ် အုန်းသွင်နှင့် သားမက် ဗိုလ်ကြီးဟောင်း ရဲတေဇတို့၏ အသက်မဲ့နေသည့် ရုပ်အလောင်းနှစ်ခုကို အင်းလျားကန်ဘေးရှိ စစ်တပ်ပိုင် ကန်သာယာဆေးရုံကြီးတွင် လက်ခံထားရှိခဲ့ခြင်းဖြစ်သည်။ နောက်ဆုံး ဘဝကူးပြောင်းချိန်တွင်ပင် သူတို့နှစ်ဦးသည် စစ်တပ်၏ VIP ဖြစ်နေဆဲပင်ဖြစ်သည်။

အငြိမ်းစားဗိုလ်မှူးချုပ် အုန်းသွင် အသတ်ခံရသည့်သတင်းက လက်ရှိ စစ်ခေါင်း ဆောင်များနှင့် အငြိမ်း စား စစ်ခေါင်း ဆောင်များအတွက် တုန်လှုပ် ခြောက် ခြားစေခဲ့သည်။ ပြည်သူကို ရမ်းချင်တိုင်းရမ်း သတ်ချင်တိုင်း သတ်ခဲ့သူများ၏ ရှေ့ သို့ မရဏ သေခြင်းတရား အချိန်မရွေးရောက်လာတော့မည်ဆိုသည်ကို အချက် ပေးခေါင်းလောင်းထိုးခြင်းဟုဆိုလျှင် လည်း မမှားနိုင်ပေ။

အငြိမ်းစား ဗိုလ်မှူးချုပ် အုန်းသွင်၏ လူမှုကွန်ရက်စာမျက်နှာများတွင် “အစ်ကိုကြီး”ဟု မှတ်ချက်ဝင်ရေးလေ့ရှိသော အပြည်ပြည်ဆိုင်ရာဆက်ဆံရေးဝန်ကြီး ကိုကိုလှိုင်နှင့် မိတ်ဆွေအဖြစ် မကြာခဏ မှတ်ချက်ရေးလေ့ရှိသော လက်ရှိ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင် တို့လည်း ညပိုင်း အိပ် ၍ ပျော်မည်မထင်ပေ။

အုန်းသွင်၏ တပည့်များတွင် လက်ရှိ ဒုစစ်ခေါင်း ဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ၊ ကာကွယ် ရေး ဦးစီးချုပ် (ရေ)၊ ကာကွယ်ရေးဦးစီးချုပ် (လေ) တို့ပါဝင်လေရာ ဆရာဖြစ်သူအတွက် နာ​ရေး ရက်လည် ဆွမ်းသွပ် သင်္ကန်းပို့ပေးရန်နှင့် နာရေး လွမ်းသူ့ပန်းခြင်း ပို့ရန် ပြင်ဆင်နေလောက်ကြပြီ။

အငြိမ်းစား ဗိုလ်မှူးချုပ် အုန်းသွင်သေဆုံးမှုအကြောင်းအရင်းက အဘယ်ကြောင့်နည်း။ အဖြေကရှင်းလင်းလှသည်။ စစ်အာဏာသိမ်းမှုကို ဖိတ်ခေါ်ခဲ့သော ကြောင့် စစ်အာဏာသိမ်းမှုကပင် သူ၏ ဘဝဇတ်သိမ်း နိဂုံးချုပ်သွားခြင်း ဖြစ် သည်။

အငြိမ်းစားဗိုလ်မှူးချုပ် အုန်းသွင်က မည်သို့ မည်ပုံ စစ်အာဏာသိမ်းမှုကို ဖိတ်ခေါ်ခဲ့ပါသနည်း။ နောက်ဆုံးအချိန်အထိ ပြည်သူလူထုအပေါ် မည်သို့သဘော ထားခဲ့ပါသနည်း။

စစ်တပ်အာဏာသိမ်းရေး အစဉ်တစိုက်ကြိုးပမ်းခဲ့သူ

ဗိုလ်မှူးချုပ် အုန်းသွင်သည် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အလွန်နီးကပ်သည့်ဆက်ဆံရေးရှိကြပြီး အာဏာမသိမ်းမီ တစ်နှစ်အလိုက ၂၀၀၈ အခြေခံဥပဒေအတွင်းမှပင် အာဏာသိမ်း၍ရကြောင်းကို အာဏာသိမ်းသည်ဟုမပြောဘဲ အာဏာထိန်းသည်ဟု သုံးနှုန်းရန် အကြံပြုစာတမ်းရေးသားပေးပို့ခဲ့သူဖြစ် သည်ဟု တပ်တွင်းသတင်းရင်းမြစ်တစ်ခုက ပြောသည်။

မတ်လ ၈ ရက်၊ ၂၀၂၀ ပြည့်နှစ်အချိန် သူ၏ လူမှုကွန်ရက် တွင် ” မသိမ်းနိုင်အောင်နဲ့ ကာကွယ်ဖို့ ခြေ/ဥ ကိုရေးဆွဲထားတယ်။ သွေဖည်ယင်/အများပြည်သူလက်မခံရင်တော့ ထိန်းဖို့ဖြစ်လာမယ် မူရင်းတော့ မပျက်နိုင်ဘူးပေါ့” (မူရင်းသတ်ပုံအတိုင်း) ဟု ရေးသားခဲ့သည်။

မင်းအောင်လှိုင် စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် “ဒေါင်းနန်းကျမှနှုတ်ဆက်ပါ၏” ဟူသော ကျေးရွာဆိုင်းဘုတ်ဓာတ်ပုံနှင့်အတူ ” လိုလိုမယ်မယ် Save ထားတဲ့ပုံကလေး အခုမှပဲအသက်ဝင်လာတော့တယ်” ဟု စစ်အာဏာသိမ်းမှုကို ဝမ်းပန်းတသာဖြင့် ဗိုလ်မှူးချုပ် အုန်းသွင်က ကြိုဆိုခဲ့သည်။

အာဏာသိမ်းသည့်နံနက်ပိုင်း ပျော်လွန်း၍ ညတွင်ပါတီပေးအောင်ပွဲခံမည်ဟုပင် ထုတ်ဖော်ပြောဆိုခဲ့သည်။

စစ်တပ်ဆန့်ကျင်သူ ပြည်သူမှန်သမျှကို သတ်ဖြတ်ရန် တိုက်တွန်းသူ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်မှ စတင်ပြီး စစ်တပ်အနေဖြင့် နွေဦးတော် လှန်ရေး ဆန္ဒပြလူငယ်များကို မလှန်နိုင်ရေး များများ သတ်ဖြတ်ရန် တိုက်တွန်းခဲ့သူတစ်ဦးအဖြစ် ဗိုလ်မှူးချုပ်အုန်းသွင်က မှတ်တမ်းကျန်ခဲ့သည်။

“များများသတ်ပစ်မှ ဒီလိုပရမ်းပဒါ ဖြစ်နေတာတွေ အကုန်ငြိမ်သွားမှာ၊ မြန်မြန်နဲ့ များများသတ်ပစ်မှ ရမှာ ” ဟု ဗိုလ်ချုပ်အုံးသွင်က စစ်တပ်သို့ သဘောထားမှတ်ချက်ပေးသည်ဟု တပ်တွင်းသတင်းရင်းမြစ် ထံမှ သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ရိုင်းစိုင်းခဲ့သူ

အုန်းသွင်သည် စစ်တပ်တွင်းရှိစဉ်က ” ယုတ်ယုတ်ပတ်ပတ်” ဆဲရေးတိုင်းထွာတတ်သူဖြစ်ကာ စစ်တက္ကသိုလ်တွင် သူ့ကို မြင်းခေါင်း ဟုနာမည်ပြောင်ပေးခဲ့ကြကြောင်း တပ်တွင်းသတင်းရပ်ကွက်ထံမှ သိရှိရသည်။ သူသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပေါ်လည်း ရိုင်းရိုင်းစိုင်းစိုင်း မှတ် ချက်ပေးခဲ့သူဖြစ်သည်။

၂၀၁၈ ခုနှစ် ဇွန်လ ၂ ရက်နေ့ သူ၏ လူမှုကွန်ရက်တွင် “International Prostitute ဟု ခေါ်သော နိုင်ငံတကာ ဖာသည် မအား အကျွန်ုပ် မျက်ဝါး ထင်ထင် တွေ့မြင်ရပြီမို့ သေပျော်ခြေပြီပါတကား” ဟု (မူရင်းအတိုင်းဖော်ပြထားပါသည်) မှတ်ချက်ရေးသားခဲ့သည်။

အဆိုပါ မှတ်ချက်ရေးပြီး ၄ နှစ်ကျော်ကြာအချိန်တွင် သူ သေဆုံးခဲ့ပြီဖြစ်သည်။ သေပျော်ခဲ့သည်လား ၊ မပျော်ခဲ့သည်လားကိုတော့ သူကိုယ်တိုင်မှပင် သိနိုင်မည်ဖြစ်သည်။

မွတ်စလင်ဆန့်ကျင်ရေး သံအမတ်

အငြိမ်းစား ဗိုလ်ချုပ်အုန်းသွင်သည် တောင်အာဖရိကနိုင်ငံ၊ မော်ဒိုက်နိုင်ငံ၊ ဘင်္ဂလားဒေရှ့်နိုင်ငံ၊ သီရိလင်္ကာနိုင်ငံတို့တွင်သံအမတ်ကြီးအဖြစ် ၂၀၁၁ခု နှစ်အထိ ဆယ်နှစ်ကျော်ကြာတာဝန်ယူခဲ့သည်။

သို့သော် သူသည် သံတမန်မဆန်ဘဲ မွတ်စလင် ဆန့်ကျင်ရေး ၊ မုန်းတီးရေး လူမှုကွန်ရက်တွင် အမြဲလိုလိုလှုံ့ဆော်ခဲ့သည်။

အခြေခံဥပဒေရေးရာဆိုင်ရာ ကျွမ်းကျင်သူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အသတ် ခံရမှုအတွက် ၂၀၁၉ ခုနှစ်တွင် တရားခံကြည်လင်းကို ကြိုးမိန့်သေ ဒဏ်နှင့် ထောင်ဒဏ် ၂၃ နှစ်ကျခံရန် မြောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့သည်။ ပူးတွဲတရားခံ အောင်ဝင်းဇော်ကိုလည်းကြိုးမိန့်နှင့်သေဒဏ်ချမှတ်ခဲ့ပြီး အောင်ဝင်ထွန်းကို ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့သည်။

၂၀၁၉ ခုနှစ် ၊ ဖေဖော်ဝါရီ ၁၆ ရက်နေ့ လူမှုကွန်ရက်တွင် ဗိုလ်ချုပ်အုံးသွင်က ” ငနီ သေနတ်ပစ်ခံရတယ်..ဂျန္နက်ဘုံရောက်/မရောက်မသိဘူး..အင်န်ရှားလား..ကိုကြည်လင်းကိစ္စပြီး/မပြီး..မသိနိုင်ဘူး. အင်န်ရှားလား.သဗ္ဗေသတ္တာကမ္မသကာ” (မူရင်းရေးသားချက်အတိုင်းဖော်ပြ) ဟု ရေးသားခဲ့သည်။

သုံးသပ်ချက်

အငြိမ်းစား ဗိုလ်မှူးချုပ် အုန်းသွင်သည် စစ်အာဏာသိမ်းမှုကို လက်ယက်ခေါ်ခဲ့ပြီး စစ်အာဏာသိမ်းမှုကြောင့် သူ့ဘ၀ အဆုံးသတ်ခဲ့ရသည်။

ပြည်သူကို သတ် ဖြတ်ရန် တိုက်တွန်းခဲ့ပြီးနောက် သူကိုယ်တိုင်လည်း အသတ်ခံခဲ့ရသည်။

တရားလွှတ်တော်ရှေ့နေဦးကိုနီ အသတ်ခံရမှုကို ဝမ်းသာဝမ်းမြောက်ဖြစ်ခဲ့သော သူ့အတွက် သူသေဆုံးချိန်တွင် ပြည်သူများစွာက ဝမ်းသာအားရဖြစ်ကြသည်။

ဗိုလ်မှူးချုပ် အုန်းသွင်သေဆုံးမှုသည် ယူတတ်လျှင် နေပြည်တော် စစ်ခေါင် းဆောင်များအတွက် တရားရစရာပင်ဖြစ်သည်။

ဆရာတော်၊ သံဃာတော် ဟောကြားသည့် “ကာလဝိဘတ် နောက်ပိုးတက်သော်… ဘုရားသော်မှ ပေးဆပ်ရမြဲ” ဆိုသည့် ဩဝါဒအတိုင်း ဗိုလ်မှူးချုပ်အုန်းသွင်၏ ဘ၀ဖြစ်စဉ်ကို ဆန်းစစ်လေ့လာလျှင် နေပြည်တော်စစ်ခေါင်းဆောင်များအတွက် သင်ခန်းစာများ ရပေလိမ့်မည်။

သို့သော် လက်နက်မဲ့ ပြည်သူထောင်ပေါင်းများစွာကို လမ်းပေါ်တွင် ခေါင်းကို ချိန်ရွယ်၍ ပစ်သတ်ခဲ့ခြင်း၊ ကလေးငယ်များကို ရဟတ်ယာဉ်ဖြင့် ပစ်သတ်ခြင်း၊ အပြစ်မဲ့ ပြည်သူများကို လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ စစ်ကြောရေးတွင် ပြည်သူ များကို မုဒိမ်းကျင့် ညှဉ်းဆဲသတ်ဖြတ်ခြင်း၊ ရိုဟင်ဂျာ သန်းပေါင်းများစွာကို နှင်ထုတ် သတ်ဖြတ်ခဲ့ခြင်း စသည့် စစ်ရာဇဝတ်မှုများ၊ လူမျိုးတုန်းသတ်ဖြတ်မှုများအတွက် တရားမျှတမှုကိုမူ စစ်ခေါင်းဆောင်များ ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။

ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှု အတွက် ဝဋ်ကြွေးနှင့် ပြစ်ဒဏ်ကို ရာထူးရှိသည့်အချိန် မခံရလျှင်တောင်မှ ရာထူးမဲ့သည့်အချိန် ၊ အို မင်း မစွမ်းချိန် အာဏာမဲ့သွားချိန် တရားမျှတမှုအတွက် မလွဲမသွေ ပြန်လည် ပေးဆပ်ရမည်ဖြစ်သည်။

အာဇာနည် မမြသွဲ့သွဲ့ခိုင်၊ မကြယ်စင် အပါအဝင် ယခုနောက်ဆုံး ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့အဆုံး စစ်ခေါင်း ဆောင်များက မတရားသတ်ဖြတ်ခဲ့သော ထောင်ပေါင်းများစွာသော နွေဦးတော်လှန်ရေး သူရဲကောင်းများအားလုံးအတွက် တရားမျှတမှု ပြန်လည် ရယူရန် ပြည်သူလူထုက ဆုံးဖြတ်ချက် ခိုင်မာနေကြပြီဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article