ရန်ကုန်၊ စက်တင်ဘာလ ၂၅
ယနေ့ နေ့လည် ၂ နာရီတွင် သြစတြးလျနိုင်ငံ၊ ဆစ်ဒနီမြို့လယ်ရှိ ဟိုက်ဒ်ပါတ် တွင် ဆစ်ဒနီမြို့ ရှိ မြန်မာ့ ဒီမိုကရေစီရရှိရေး ထောက်ခံလှုပ်ရှားသူများသည် ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်နေရာတွင်လက်ရှိသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်သတ်မှတ်ထားရှိရေးကို ထောက်ခံတောင်းဆိုသည့်အနေဖြင့် စုစည်းချီတက်ဆန္ဒပြကြသည်။
ဆန္ဒပြသူများသည် မြို့လည် ဟိုက်ဒ်ပါတ်တွင် စုစည်းကြပြီး နောက် ပြည်တွင်းမှ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားနေသူများအား ဂုဏ်ပြုသည့်သရုပ်ဖော်ချက်များဖြင့် ဦးကျော်မိုးထွန်း အား ထောက်ခံရေး အခမ်းအနား ပြုလုပ်ပြီး ဟိုက်ဒ်ပါတ် မှတဆင့် မြို့လယ် လမ်းမအတိုင်း ဆစ်ဒနီ အော်ပရာဟောက်စ် ရှိရာသို့ ကြွေးကြော်သံများကြွေးကြော်ကာ ချီတက် ဆန္ဒပြခဲ့ကြပါသည်။
ဆစ်ဒနီ မြို့နယ် ရဲတပ်ဖွဲ့က လိုက်ပါဝန်းရံကာ ဆန္ဒပြသူများကို ကူညီသည်။
ဆစ်ဒနီအော်ပရာဟောက်စ် အနီးက ကပ်စတန်ဟောက်စ် အရှေ့အရောက်တွင် တော်လှန်ရေးသီချင်းများ၊ ကြွေးကြော်သံများ၊ မိန့်ခွန်းများဖြင့် ဦးကျော်မိုးထွန်း ထောက်ခံရေးကို ဆက်လက်ကျင်းပပြုလုပ်ပြီး ဆန္ဒပြပွဲ အခမ်းအနားကို နေ့လည် ၅ နာရီတွင် အခမ်းအနားကို ကြွေးကြော်သံများဖြင့် ရုပ်သိမ်းသည်။
ဆန္ဒပြပွဲသည် ဦးကျော်မိုးထွန်းအတွက် ထောက်ခံဆန္ဒပြနေသော မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ လှုပ်ရှားမှုများထဲမှ တစ်ခုဖြစ်သည်။