25.8 C
Yangon

ကျောက်တော်ရှိ စစ်ကောင်စီတပ်က ပစ်လိုက်သည့် လက်နက်ကြီးကျည် ထိမှန်၍ ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ၊ ၂၆

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ နဂရာကျေးရွာတွင် ယမန်နေ့ စက်တင် ဘာ၂၅ ရက်နေ့ ည ၁၁ နာရီကျော်အချိန်တွင် လက်နက်ကြီးကျ၍ အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦး ဒဏ်ရာ ရရှိသွားကြောင်း ကျေးရွာသားများက ပြောသည်။

နဂရာကျေးရွာ တဖက်ကမ်းတွင်ရှိသော ကျောက်တော် စကခ (၉) မှ ညဉ့်အချိန်တွင် လက်နက်ကြီး၊ လက်နက်ငယ်များတရစပ် ပစ်ခတ်ခဲ့သည့်အတွက် လက် နက် ကြီးကျည်တစ်လုံး ရွာထဲတွင် ကျရောက်ခဲ့ရာ အဆိုပါ ကလေးငယ်ထံတွင် ထိခိုက်သွားကြောင်း ကျေးရွာသားများက ပြောသည်။

သေဆုံးသွားသည့် ကလေးငယ်အပါအဝင် ၄င်းကျေးရွာရှိ နေအိမ်တွင်အိပ်နေကြစဉ်တွင် လက်နက်ကြီးကျည်တစ်လုံး အိပ်နေသည့်နေရာသို့ ကျလာခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

“သူတို့က အိပ်နေကြတာပါ။ ည ၁၁ နာရီလောက်ကနေ စကခ (၉) က ပစ်နေတာ။ ၁၂ နာရီလောက်မှ ပစ်တာရပ်သွားတယ်။ ကလေးငယ် ထိခိုက်တာက တော့ ၁၁ နာရီ ၁၈ မိနစ်လောက်မှာ။ သူကတော့ တစ်ခါတည်း သေသွားတာမဟုတ်ဘူး။ ၃ နာရီလောက်ကြာ အသက်ရှိနေခဲ့တယ်။ ကျနော်တို့က လူမှုကူညီရေး အသင်းတွေကိုလည်း ဖုန်းဆက်တယ်။ သူတို့က လာလို့မရဘူးလို့ ပြောတယ်။ ဆေးရုံ၊ ဆေးခန်းတွေကိုလည်း ကျနော်တို့ မသွားလိုက်ရဘူး”ဟု ပြောသည်။

သေဆုံးသွားသည့်ကလေးငယ် မောင်ကိုနိုင် (ခ) မောင်ကြီးမှာ ဘယ်ဖက် လက် မောင်းအောက် ကျောကုန်းတွင် ဒဏ်ရာရရှိသွားဖြစ်ပြီး၊ ဦးကျော်ထွန်းစိန်တွင် ညာဖက်ဂျိုင်းအောက်တွင် အနည်းငယ် ထိခိုက်သွားသည်ဟု မျက်မြင်တစ်ဦးက ပြောသည်။

သေဆုံးသွားသည့် ကလေးအား ယနေ့ စက်တင်ဘာ ၂၆ ရက်နေ့ တွင် သင်္ဂြိုဟ်သွားမည်ဖြစ်သည်ဟု မိသားစုဝင်များကပြောသည်။ အဆိုပါ ကလေးငယ် သေဆုံးသွားသည့် အိမ်တွင်လည်း လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ပြတင်းများ၊ ခေါင်းမိုးများ ပျက်စီးသွားကြောင်း မိသားစုဝင်များက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ (၂၀) ရက်နေ့ကလည်း စကခ (၉) မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နဂရာကျေးရွာသို့ နှစ်ကြိမ် ကျရောက်ခဲ့သည်။ အဆိုပါ ပစ် ခတ်မှုအတွင်း မိသားစုဝင် ၄ ဦး ဒဏ်ရာရရှိသွားကာ လူနေအိမ်တချို့လည်း ပျက်စီးသွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားမှုတစုံတရာမရှိဘဲ ယခုကဲ့သို့ မကြာခဏ ပစ်ခတ်နေမှုများကြောင့် နဂရာ ကျေးရွာသားတချို့မှာလည်း နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်း ရှောင်နေကြသည်။

စစ်ကောင်စီတပ်သားများသည် စက်တင်ဘာ ၂၅ ရက်နေ့ ကလည်း မင်းပြားနှင့် ကျောက်တော်မြို့တို့တွင် ရမ်းသန်းပစ်ခတ်ခဲ့၍ လူနေအိမ်တချို့ ထိခိုက်ပျက်စီးသွားခဲ့ပြီး စက်တင်ဘာ ၂၄ ရက်နေ့ကလည်း ကျောက်တော်မြို့ သိန်းဆန်းတည်း ခိုရိပ်သာသို့ လက်နက်ကြီးကျည်တစ်လုံး ကျရောက်ခဲ့ရာ တည်းခိုနေသူ ဧည်သည့်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

(Western News-WN သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article