ရန်ကုန်၊ စက်တင်ဘာ ၂၆
မကွေးတိုင်း ပေါက်မြို့နယ် ကြက်ဆူအိုင့်ရွာကို အကြမ်းဖက် စစ်တပ်က စက်တင်ဘာလ ၂၆ ရက်နေ့တွင် မီးတင်ရှို့နေပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း We love myaing အဖွဲ့ထံမှ သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြိုင်မြို့နယ် အနောက်ပိုင်းမှ ပေါက်နယ်စပ်ကို စက်တင်ဘာလ ၂၅ ရက်နေ့ ညပိုင်းက ရောက်ရှိလာပြီး ယနေ့ နံနက် ၇ နာရီခန့်တွင် ကြက်ဆူအိုင့်ရွာကို ဝင်ရောက်စီးနင်း မီးရှို့နေခြင်း ဖြစ်ကြောင်း သိရသည်။
” မနေ့ညက မြိုင်နယ်အနောက်ပိုင်း ပေါက်နယ်စပ်က ပေါက်မြို့နယ် ကြက်ဆူအိုင့်ရွာမှာ ရောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ယနေ့မနက် 7:00 လောက်မှာ ကြက်ဆူအိုင့်ရွာကို မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။ အိမ်ခြေကတော့ အရင်က နှစ်ရာလောက်ရှိတယ်။ အဲ့ဒီရွာက ပေါက်နယ်နဲ့ မြိုင်နယ်အစပ်မှာ ရှိတာပါရွာပတ်လည်မှာ ရေနံထွက်တော့ ရွာက စည်တယ်။ အိမ်ခြေက အခုတော့ ဘယ်လောက်ရှိမလဲ အတိအကျမပြောတတ်ဘူး” ဟု We love myaing အဖွဲ့ထံမှ သိရသည်။
မြိုင်မြို့နယ် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြိုင်မြို့နယ် မြောက်ပိုင်း ကန်နီ (ပျူစောထီး)ရွာတွင် အထိုင်ချတပ်စွဲပြီး မြိုင်နယ် မြောက်ပိုင်းကို စစ်ကြောင်းထိုးနေကြောင်း၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင် သန်းနုတောရွာတွင် ညအိပ်ကြောင်း၊ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် သန်းနုတောရွာမှ ထွက်ခွာလာကြောင်း၊ မွန်းလွဲပိုင်းတွင် မြိုင်နယ် အနောက်ပိုင်း မှန်ရင်းရွာကို ရောက်ရှိလာကြောင်း၊ စက်တင်ဘာလ ၂၄ ရက်နေ့ ညပိုင်းတွင် မှန်ရင်းရွာ၌ ညအိပ်ပြီး စက်တင်ဘာလ ၂၅ ရက်နေ့တွင် မှန်ရင်းရွာမှ ထွက်ခွာလာကြောင်း၊ ကျောက်ခွက်ရွာကို ဝင်လာပြီးနောက် ကျောက်ခွက်ရွာမှ တစ်ဆင့် ပေါက်နယ် မြောက်ပိုင်း ကြက်ဆူအိုင့်နှင့် သရက်ကန်ရွာကို ဝင်ရောက်ကာ ကြက်ဆူအိုင့်ရွာကို မီးဝင်ရှို့ဖျက်ဆီး နေခြင်းဖြစ်ကြောင်း သိရသည်။