ရန်ကုန်၊ စက်တင်ဘာ ၂၆
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးကားလမ်းပေါ်တွင် မိုင်းထိသည့် စစ်ကားကို ပြုပြင်နေသည့် စစ်ကြောင်းကို PDF က ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၈ ဦးသေဆုံးပြီး လက်နက် ၃ လက်ရရှိကြောင်းချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF)က ပြောသည်။
စက်တင်ဘာလ ၂၅ ရက်နေ့ တွင် စစ်ကိုင်းမြို့မှ မုံရွာမြို့သို့ မုံရွာ – မန္တလေးကားလမ်းမကြီးအတိုင်း ထွက်ခွာလာသည့် အကြမ်းဖက်စစ်ကောင်စီထောက်ပို့ယာဉ်တန်းကို ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF) က ချောင်းဦးမြို့နှင့် ခင်မွန်ကျေးရွာအကြားတွင် မိုင်းဆွဲတိုက်ခိုက်သဖြင့် စစ်ကား ၁ စီး ပျက်စီး၍ ရပ်တန့်သွားခဲ့ကြောင်း သိရှိရသည်။
လမ်းပေါ်တွင် ရပ်တန့်ပျက်စီးသွားသော စစ်ကားကို အခြား စစ်ကား ၁ စီးမှ စစ်သားများက ရပ်တန့်ကူညီခဲ့ကြကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်များက ကားပြုပြင်နေသည့် စစ်ကြောင်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၅ ဦးနှင့် ခင်မွန်အခြေစိုက် နမခ စစ်သား ၁ ဦး စုစုပေါင်း စစ်သား ၆ ဦး သေဆုံးခဲ့ကြောင်း၊ အခြား စစ်သား ၂ ဦးကို ဒဏ်ရာဖြင့်အရှင်ဖမ်းဆီးရမိခဲ့သော်လည်း ဒဏ်ရာကြောင့် သေဆုံးသွားကြကြောင်း သိရှိရသည်။
စစ်သားများထံမှ BA-72(G1) ၁ လက်၊ MA-3 ၁ လက်၊ BA-94(Uzhi) ၁ လက်၊ 7.62 (ကပစ) ၂၀တောင့်၊ 5.56(ကပစ) ၂၆တောင့်၊ 9mm(ကပစ) ၁၅တောင့်၊ ဓားမြှောင် ၁ လက်၊ Mytel Keypad ၁ လုံး၊ walkitalki (ဆက်သွယ်ရေးစကား ပြောစက်) ၁လုံး သိမ်းဆည်းရရှိခဲ့ပြီး PDF ၂ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။