30 C
Yangon

မင်းပြားမြို့နယ်ရှိ ပြည်သူများနေထိုင်သော ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် နေအိမ်တချို့ ပျက်စီး၊ စစ်တွေမှ စစ်သင်္ဘောများ မင်းပြားဘက်သို့ လာနေ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၇

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ ပြည်သူများနေထိုင်နေသော ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ယနေ့ နံနက်ပိုင်း ပစ်ခတ်သဖြင့် ပြည်သူနေအိမ်တချို့ ပျက်စီးသွားကြောင်း ရခိုင်ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် ၈ နာရီ ၅ မိနစ်အချိန်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းဖြစ် ကြောင်း ၊ ယမန်နေ့ စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“မင်းပြားမြို့ပေါ် ၅၄၁ စစ်ခွေးတပ်ထဲက လက်နက်ကြီးတွေပစ်နေတယ်ဗျို့။ အခု မနက် ၈ နာရီ ၅ မိနစ်မှာစပစ် နေတာပါ။ ကြပ်စံကျွန်း သစ်ပုတ်တောင်ကျေးရွာအနီး ကျကွဲတာမြင်နေရတယ်။ ခေါင်းလောင်းချောင်းကျေးရွာ
ရွာအရှေ့ပိုင်းက နေအိမ်တွေလည်း လက်နက်ကြီးထိတယ်။ ခေါင်းလောင်းကျေးရွာက မနေ့က မအလတပ်ကနေ
ကြည်း၊ရေ၊လေ အကုန်သုံးပြီးပစ်သွားတဲ့ မင်းပြားမြို့နယ် တောင်ပိုင်းက ကျေးရွာတစ်ရွာပါ။ အဲဒီရွာမှာ မနေ့က ရွာသားသုံးယောက် ဒဏ်ရာရသွားတာရှိပါတယ်။ အဲဒီရွာအနီးမှာ AA နဲ့ မအလ စစ်ဖြစ်နေတာပါ မနေ့ကတည်းက
ဒီမနက်လူမထိတာ​တော်​သေးတယ်။ ပြည်သူတွေအကုန်ဘုန်းကြီးကျောင်းတွေ၊ အခြားအနီးအနား ကျေးရွာတွေဆီမှာ ခိုလှုံနေကြတာပါ။ တစ်ရွာလူံးမှာ လူ ၁၀၀ ခန့်လောက်ပဲ ကျန်နေခဲ့တာပါ” ဟု မင်းပြားဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် မင်းပြားသို့ စစ်တွေမှ စစ်သင်္ဘောများ တက်လာနေပြီး မင်းပြားမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများအားလုံးမှ ပြည်သူများ ထွက်ပြေးနေရကြောင်း၊ ထွက်ပြေးမရအောင် ပိတ်မိသူများအနေဖြင့် ဗုံးခိုကျင်းတည်ဆောက်လိုကြသော်လည်း မင်းပြားမြို့ပေါ်တွင်မူ ဗုံးခိုကျင်း တည်ဆောက်ရန် အခက်အခဲများရှိနေကြောင်း သိရှိရသည်။

“အခုလည်း စစ်တွေမြို့ကနေ မင်းပြားကို နေဗီလာနေတော့ အဲဒီရွာသားတွေ အကုန်နီးပါးပြေးသွားကြပါပြီ။ ကျနော်တို့မင်းပြားမြို့ပေါ်မှာလည်း တိတ်ဆိပ်နေပါတယ်။ မနေ့ကလို ထပ်ဖြစ်ကြမှာ စိုးရိမ်နေကြပါတယ်။ ဗုံးခိုကျင်းတွေလည်း ကြိုတင်ဆောက်ဖို့ မြို့ပေါ်မှာ အခက်ခဲရှိလို့ မိမိနေအိမ်တွေမှာပဲဖြစ်သလို ပုန်းနေကြရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီက မင်းပြားမြို့နယ်တွင် ကြည်းရေလေ ပူးပေါင်း၍ အပြင်းအထန်ထိုးစစ်ဆင်နေပြီး ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် မင်းပြားမြို့နယ်၊ ခေါင်းလောင်းကျေးရွာရှိ ပြည်သူနေအိမ်များ လက်နက်ကြီး ထိမှန် ပျက်စီးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article