ရန်ကုန်၊ စက်တင်ဘာ ၂၇
မကွေးတိုင်း မြိုင်မြို့နယ် Black God ပြောက်ကျားတပ်ဖွဲ့၏ လက်နက်တိုက် စခန်းတစ်ခုတွင် စက်ဘာလ ၁၈ ရက်နေ့က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး သိန်း ၆၀၀ ကျော်တန်ဖိုးရှိ လက်နက် ခဲယမ်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
လက်နက်တိုက် စခန်းသည် အကြမ်းဖက် စစ်တပ်အား ခုခံတိုက်ခိုက်ရာတွင် အသုံးပြုလျက်ရှိသော 40 မမ ၊ 60 မမ ၊ 80 မမ ၊ 100 မမ ၊ 120 မမ များအပါအဝင် လက်နက်ကြီး လက်နက်ငယ်များကို ကိုယ်တိုင် တီထွင် ထုတ်လုပ်နေသော Black God တပ်ဖွဲ့၏ စခန်းဖြစ်ပြီး မီးလောင်မှု ဖြစ်စဥ်အတွင်း လက်နက်ကြီးများ လက်နက်ငယ်များ ကျည်များ ယမ်းများ မိုင်းများနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ရေး ကရိယာများ မီးလောင်ပျက်စီးခဲ့ပြီး ကာလတန်ဖိုး မြန်မာငွေ ကျပ်သိန်း (600) ခန့် တန်ဖိုးရှိ ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
“လက်နက်ကြီး ကျည်ဆံလုပ်နေရင်း အစာထည့်ပြီး ပိတ်တဲ့အချိန် တူနဲ့ ထုပြီးပိတ်ရတာ အဲ့လို့ တူနဲ့ထုတဲ့အချိန်မှာ
သံသံချင်းရိုက်တော့ မီးပွင့်သွားတာပေါ့ မီးပွားက ခပ်လှမ်းလှမ်းကရှိတဲ့ ယမ်းချက်အိုးထဲ သွားကျတယ် အဲ့ဒီမှာ မီးစလောင်တော့ ရဲဘော်တွေက အကုန်လုံး ထွက်ပြေးတာ လွတ်သွားတယ် ရဲဘော်တွေ အပြင်ရောက်တော့ အထဲက အကုန်လုံးပေါက်ကွဲကုန်တာ ကျွန်တော်တို့မှာ ဆက်လက်ရပ်တည်ဖို့ အရမ်းခက်ခဲနေတာ ပြည်သူတွေ ဝိုင်းဝန်းကူညီပေးကြဖို့ လိုနေပါတယ်” ဟု Black God ပြောက်ကျားတပ်ဖွဲ့မှ ကိုမိုးစက်က ပြောဆိုသည်။
Black God တပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန MOD မှ ယင်းမာပင်ခရိုင် တပ်ရင်း ၁၁ ၊ တပ်ခွဲ ၃ အဖြစ် တရားဝင်အသိအမှတ်ပြုပေးထားသော NUG လက်အောက်ခံ PDF အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ခုခံတိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်ရန် လက်နက်ခဲယမ်း အရေးပေါ်လိုအပ် လျက်ရှိကာ ပြည်သူများ ဝိုင်းဝန်း လှူဒါန်းပေးကြရန် မေတ္တာရပ်ခံကြောင်း Black God ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။
အလှူငွေ ပါဝင်လှူဒါန်းလိုသော ပြည်သူများ အနေဖြင့်
သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမိုးစက် Ko Moe Set ( Fb acc )နှင့် Black God ပြောက်ကျားတပ်ဖွဲ့၏ facebook page တို့တွင် ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။