30 C
Yangon

အာဏာ သိမ်းရန် တွန်းအားပေးပြီး စစ်တပ် ထောက်ခံသော ကြံ့ဖွတ်ပါတီ၏ မိတ်ဖက် ဝံသာနုဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ နန်းရွှေကြာနှင့်သမီး ပိုင် ဖောင်းစိန် စားသောက်ကုန်လုပ်ငန်းကို သပိတ်မှောက်ကြရန် တောင်းဆို

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၇

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းရန် တွန်းအားပေးပြီး စစ်အာဏာသိမ်းမှုကို ထောက်ခံခဲ့သော ကြံ့ဖွတ်ပါတီ၏ မဟာမိတ် ဝံသာနုဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဒေါ်နန်းရွှေကြာနှင့် သမီးနုဝေကျော် လုပ်ကိုင်နေသော ဖောင်းစိန်စားသောက် ကုန်လုပ်ငန်းကို သပိတ်မှောက်ကြရန် စစ်အာဏာရှင် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ကိုဇင်သော်နိုင်နှင့် CDM ကျောင်းဆရာမတချို့က တောင်းဆိုလိုက်ကြသည်။

ဝံသာနုဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ နန်းရွှေကြာသည် လူထုတင်မြှောက်ထားသော NLD အစိုးရလက်ထက် တစ် လျှောက်လုံး ကြံ့ဖွတ်ပါတီနှင့်ပူးပေါင်းကာ စစ်တပ်ဘက်မှ ရပ်တည်သော မဟာမိတ်ပါတီများအဖြစ် အစဉ် တစိုက် လူထုအစိုးရကို ဝေဖန်သော ကြေညာချက်များ ထုတ်ပြန်ခဲ့ကြောင်း၊ ၂၀၂၀ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့ မင်းအောင်လှိုင်နှင့်သွားရောက်တွေ့ဆုံ ပြီး အာဏာသိမ်းခိုင်းခဲ့သော နိုင်ငံရေးပါတီ ၃၄ ပါတီစာရင်းတွင် ဝံသာနုဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ နန်းရွှေကြာလည်း အပါအဝင်ဖြစ်ကြောင်း သိရှိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်လည်း ကြံ့ဖွတ်ပါတီ၏ မဟာမိတ်ပါတီ အဖြစ် ဝံသာနုဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ နန်းရွှေကြာရပ်တည်ကာ စစ်အာဏာသိမ်းမှုကို ထောက်ခံသော ကြေညာချက်များတွင် တောက်လျှောက်ဆိုသလို ပါဝင်ခဲ့ကြောင်း သိရှိရသည်။

“ကျွန်တော်က ပြောစရာ ဘာမှတော့ သိပ်မရှိပါဘူး။ လိုင်းပေါ်မှာ အင်တာဗျူး တွေ့လို့ ဒီမိန်းမကြီးကို မှတ်မိ သွားတာနဲ့ ကောက်တင် လိုက်တာ။ သူ့သမီးက CB ကနေ ဆက်သွယ်ပြီး လာတောင်းပန် နေလို့ အားတောင် နာနေတာ။ ဒါပေမယ့် ပြန်တော့ ဖြုတ်ဖို့ မရှိဘူး။ သူက ဒီလောက်တော့ ထိုက်တန် ပါတယ်။ သူကိုယ်တိုင် လုပ်တာ မဟုတ်ပေမယ့် အာဏာသိမ်းဖို့ အမျိုးမျိုး အားပေး အားမြှောက် လုပ်ခဲ့တာတွေ၊ အာဏာသိမ်းပြီးလည်း ဆက်ပြီး ထောက်ခံ နေခဲ့တာတွေ ရှိတာပဲ။ နောက်ပြီး နိုင်ငံရေးက အနားယူလိုက်ပြီ ဘာညာ ဆိုတာတွေက ခေတ်မကောင်း တော့မှ အခြေ မလှလို့ အသံထွက် လာတာလို့ မြင်တယ်။ သူတို့ လုံခြုံရေးကို စစ်တပ်က ကာကွယ် မပေးနိုင်လို့ ကိုယ့်ဘာသာ နှာစေးနေတဲ့ သဘောပဲ။ ပြည်သူတွေရဲ့ ဆန့်ကျင်မှုသာ အခုလို မပြင်းထန်ဘဲ အေးအေး ဆေးဆေး အုပ်ချုပ်လို့ ရနေရင် ဒီလိုနေမှာ မဟုတ်ဘူး။ စစ်တပ်ကြောင့် ထောင်ကျ၊ စီးပွါးပျက်၊ ဘဝပျက် သွားတဲ့သူတွေ ဒုနဲ့ထေး ရှိနေတဲ့အချိန်မှာ စစ်တပ်ကို ဘောမခဲ့တဲ့ သူတွေက စီးပွါးရေးတွေ ကောင်းနေတာ မမျှတဘူး ထင်လို့ ရေးပြခဲ့တာပါ” ဟု ကိုဇင်သော်နိုင်က ပြောဆိုသည်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ CDM တချို့ကလည်း ဖောင်းစိန်စားသောက်ကုန်လုပ်ငန်းသည် စစ်တပ်ထောက်ခံသူ နန်းရွှေကြာနှင့် သမီး လုပ်ကိုင်နေသည်ကို မသိရှိ၍ အားပေးမိခဲ့သော်လည်း သိရှိချိန်တွင် ရပ်တန့်မည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ပြည်သူကို သတ်ဖြတ်နေသည့် စစ်တပ်ကို အာဏာသိမ်းရန်နှင့်ထောက်ခံနေသူ လုပ်ကိုင်သော စီးပွားရေးလုပ်ငန်းဖြစ်သည့်‌ ဖောင်းစိန်စားသောက်ကုန်လုပ်ငန်းကို သပိတ်မှောက်ရမည်ဖြစ်ကြောင်း ပြောဆိုသည်။

“ကျမက မသိဘူး။ အခု ကိုဇင်သော်နိုင်ပို့စ်မှာ တွေ့တော့မှ ဖောင်းစိန်က စစ်တပ်ကိုထောက်ခံသူ ဘောမ ဖြစ်နေတာသိတာ။ ကျမတို့ အားမပေးတော့ပါဘူး။ အားလုံးသော ပြည်သူတွေကိုလည်း ပြည်တွင်းပြည်ပ အကုန်ပေါ့ စစ်အာဏာသိမ်းအောင် တွန်းအားပေးခဲ့တဲ့သူကိုတော့ အဆိပ်ပင်ရေလောင်း မလုပ်သင့်ဘူး။ သပိတ်မှောက်သင့်ပါတယ်။ ဖောင်းစိန်ကို သပိတ်မှောက်သင့်တယ်လို့ ပြောချင်ပါတယ်။ အခု ကျမကိုယ်တိုင်တောင် စစ်တပ်အာဏာသိမ်းတာကို လက်ခံလို့ CDM ဆရာမ ဖြစ်လို့ ထွက်ပြေးနေရတယ်။ ကိုယ့်နေရာမှမဟုတ်ဘဲ ပုန်းနေရတယ်။ စစ်အာဏာသိမ်းဖို့ တွန်းအားပေးခဲ့သူတွေက ချမ်းချမ်းသာသာနဲ့ စီးပွားရေးလုပ်နိုင်နေတာလား။ အဲဒါကတော့ ပြည်သူတွေ ပြန်စဉ်းစားသင့်တယ်ထင်ပါတယ်” ဟု CDM ကျောင်းဆရာမတစ်ဦးက ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article