29 C
Yangon

မြန်မာစစ်တပ်ကို လက်နက်တင်ပို့နေတဲ့ လက်နက်ပွဲစားတွေကို ဥရောပသမဂ္ဂ (EU) က ထပ်မံပြီး ဒါဏ်ခတ်ပိတ်ဆို့ အရေးယူဖို့ လိုအပ်နေ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၇

မြန်မာနိုင်ငံက အာဏာသိမ်းစစ်ကောင်စီနဲ့ ပက်သက်ဆက်နွှယ်နေသူတွေကို ဥရောပသမဂ္ဂ(EU)က ဒါဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့ပေမဲ့ ထပ်မံပြီး အရေးယူဖို့ လက်နက်ပွဲစားတွေ ကျန်ရှိနေပါသေးတယ်လို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ Justice For Myanmar က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ရဲ့ လက်နက်ရောင်းဝယ်မှုတွေအတွင်း ပါဝင်ပတ်သက်နေတဲ့ လက်နက်ပွဲစား လုပ်ကိုင်သူ ကုမ္ပဏီလုပ်ငန်း ၃၁ ခုအထိရှိနေပြီး အဆိုပါကုမ္ပဏီ လုပ်ငန်းတွေထဲက ထူးကုမ္ပဏီ လုပ်ငန်းစုတစ်ခုကိုသာ ဥရောပသမဂ္ဂက စီးပွားရေးအရ ဒါဏ်ခတ်ပိတ်ဆို့တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ကျန်ရှိနေသေးတဲ့ လက်နက်ပွဲစား ကုမ္ပဏီလုပ်ငန်းစုတွေကိုလည်း ချက်ချင်းတုန့်ပြန် အရေးယူဖို့ အရေးတကြီး လိုအပ်နေတယ်လို့ Justice For Myanmar က ထောက်ပြပြောဆိုလိုက်တာပါ။

“မြန်မာနိုင်ငံအပေါ် အီးယူရဲ့ နောက်ဆုံးအသုတ်ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့တာ ခုနှစ်လကျော်ကြာမြင့်လာခဲ့ချိန်မှာ တရားမဝင်စစ်ကောင်စီရဲ့ အကြမ်းဖက်စစ်ဆင်ရေးကလည်း အဆင်ခြင်မဲ့လေကြောင်းတိုက်ခိုက်မှုတွေ၊ ဗုံးကြဲတိုက်ခိုက်တာတွေ၊ နိုင်ငံရေးအကျဥ်းသားတွေကို သေဒဏ်ချ ကွပ်မျက်တာတွေ၊ ကျောင်းနေကလေးသူငယ်တွေကို သတ်ဖြတ်တာတွေနဲ့ ပိုပြီးပြင်းထန်လာခဲ့တယ်” လို့ JFM ကဆိုပါတယ်။

JFMက ဖော်ထုတ်မှတ်တမ်းတင်ထားတဲ့ လက်နက်ပွဲစားကုမ္ပဏီ လုပ်ငန်း ၃၁ ခုထဲက တစ်ချို့လုပ်ငန်းတွေဟာ အီးယူထဲကနိုင်ငံတွေနဲ့ စီးပွားရေး ချိတ်ဆက်မှုတွေ ရှိနေတယ်ဆိုတာ အတည်ပြုထားနိုင်တယ်လို့ ဆိုပါတယ်။

အဲ့ဒီကုမ္ပဏီတွေထဲမှာ Dynasty Group ၊ KT Group, Ky-Ta Group၊ Mega Hill General Trading၊ Miya Win International နဲ့ Myanmar Chemical & Machinery (MCM) တွေပါဝင်နေပြီး ဒီကုမ္ပဏီတွေကို EUအနေနဲ့ ချက်ချင်းအရေးယူ တုန့်ပြန်ဆောင်ရွက်ဖို့လိုတယ်လို့ JFM က ထုတ်ပြန်ထားပါတယ်။

Dynasty Group နဲ့ သူရဲ့ကုမ္ပဏီခွဲတွေဟာ ရုရှားနိုင်ငံက Mi-17 ဟယ်လီကော်ပတာတွေအတွက် ပစ္စည်း အစိတ်အပိုင်းတွေကို တင်သွင်းခဲ့ပြီး Dynasty International Company Limited က ဂျာမဏီကုမ္ပဏီ Grob Aircraft SE ဆီက လေယာဥ်အုပ်စု တစ်စုကို ဝယ်ယူခဲ့သလို နောက်ပိုင်းမှာ စက်ပစ္စည်း အစိတ်အပိုင်းတွေလည်း ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။

KT Group, Ky-Ta Group ကုမ္ပဏီတွေကတော့ ပြင်သစ်ကော်ပိုရေးရှင်း Thales ဆီက ကမ်းရိုးတန်းစောင့်ကြည့်ရေး ရေဒါတွေအပါအဝင် စစ်လက်နက်နဲ့ စက်ပစ္စည်းတွေကို မြန်မာစစ်တပ်အတွက် ဝယ်ယူပေးထားတယ်လို့ ဆိုပါတယ်။

အလားတူ Mega Hill General Trading က အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်း လေကြောင်းရန်ကာကွယ်ရေး စစ်လက်နက် အထိုင်စက်တစ်လုံး ဝယ်ယူရာမှာ ပွဲစားအဖြစ် ဆောင်ရွက်ပေးခဲ့ပြီး အီးယူနဲ့ အမေရိကန်ကုမ္ပဏီတွေဆီက ပစ္စည်းကိရိယာတွေကို မြန်မာစစ်တပ်အတွက် ဝယ်ယူပေးထားတယ်လို့ JFM က ဆိုပါတယ်။

Miya Win International ကုမ္ပဏီကတော့ ဩစတြေးလျကုမ္ပဏီ Schiebel Corporation ဆီက မောင်းသူမဲ့လေယာဉ်ငယ် (ယူအေဗွီ) တွေကို ဝယ်ယူထားပြီး၊ စက်ပစ္စည်းအစိတ်အပိုင်းတွေကို လက်ခံရယူထားတယ်လို့ JFM က ဖော်ထုတ်ထားတဲ့ အချက်အလက်တွေက ဆိုပါတယ်။

Myanmar Chemical & Machinery (MCM) ကုမ္ပဏီက တင့်ကားတွေအပါအဝင် စစ်လက်နက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ဝယ်ယူထားပြီး၊ တရုတ်နိုင်ငံပိုင်ကုမ္ပဏီ CATIC နဲ့အတူ မြန်မာနိုင်ငံမှာ K-8 အမျိုးအစား လေ့ကျင့်ရေးဂျတ်လေယာဉ်တွေ ထုတ်လုပ်တဲ့ စစ်လက်နက် ထုတ်လုပ်ရေးနဲ့ နည်းပညာလွှဲပြောင်းပေးအပ်ရေးစီမံကိန်းတစ်ခုမှာလည်း ပါဝင်ထားတယ်လို့ သိရှိရပါတယ်။

ဒီကုမ္ပဏီတွေကို အမေရိကန်ပြည်ထောင်စု၊ ယူကေနဲ့ ကနေဒါနိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ပြီးဖြစ်ပေမယ့်လည်း EU ဥရောပသမဂ္ဂအနေနဲ့ ကျန်နေသေးတဲ့ လက်နက်ပွဲစားကုမ္ပဏီတွေကို ဒါဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်မံချမှတ်ဖို့ လိုအပ်နေသေးတယ်လို့ JFMက ထုတ်ပြန်ပြောဆိုလိုက်တာပါ။

EUက အရေးယူဆောင်ရွက်ဖို့ ကြန့်ကြာနေတဲ့ တခြားအရေးပါတဲ့ စစ်လက်နက်ပွဲစားတွေထဲမှာတော့ International Gateways Group, Star Sapphire Group, Sky Aviator နဲ့ Synpex Shwe တို့ ပါဝင်နေတယ်လို့ JFM ကထောက်ပြပြောဆိုထားပါတယ်။

JFMရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “အီးယူအနေနဲ့ စစ်လက်နက် ပွဲစားတွေနဲ့ စစ်ကောင်စီရဲ့ အခြားသောစီးပွားရေးလုပ်ငန်းအားလုံးအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးမြှင့်ချမှတ်ပြီး၊ စစ်ကောင်စီရဲ့ စစ်လက်နက်ရရှိမှုကို ဖြတ်တောက်ဖို့ အားကောင်းခိုင်မာတဲ့ လုပ်ဆောင်ချက်တွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်”

“စစ်ကောင်စီက စစ်လက်နက်တွေ၊ ဆက်စပ်ပစ္စည်းတွေနဲ့ ဘဏ္ဍာငွေတွေ လက်လှမ်းမီရရှိနေသ၍ သူတို့အနေနဲ့ မြန်မာပြည်သူတွေအပေါ် သူတို့ရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို ဆက်ပြီးလုပ်ဆောင်နေ နိုင်မှာဖြစ်ပြီး၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို အပြစ်ပေးအရေးယူခံရခြင်း အလျဉ်းမရှိဘဲ ဆက်ပြီးကျူးလွန်နေမှာ ဖြစ်ပါတယ်”

“အခုရက်သတ္တပတ်အတွင်း စစ်ကောင်စီက စာသင်ကျောင်းကို တိုက်ခိုက်မှုအတွင်း အနည်းဆုံး ကလေးသူငယ် ၁၁ ဦးကို သတ်ဖြတ်ခဲ့ပြီး၊ အရင်းအမြစ်တွေကို ရရှိနေသ၍ ဆက်ပြီးရမ်းကား နေဦးမှာ ဖြစ်ပါတယ်။ အီးယူအနေနဲ့ မြန်မာပြည်သူတွနဲ့အတူ ရပ်တည်ပေးပြီး၊ စစ်လက်နက်ပွဲစားတွေကို ယခုချက်ချင်း ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ ကျွန်မတို့ တောင်းဆိုပါတယ်” လို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီအနေနဲ့ ဥရောပသမဂ္ဂအတွင်းက ဘဏ္ဍာငွေတွေ၊ စစ်လက်နက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေ ဆက်ပြီးရရှိနေတာဟာ သူတို့ကို ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ဆက်ပြီးကျူးလွန်နိုင်အောင် ကူညီပေးနေတာဖြစ်လို့ ဒါကိုရပ်တန့်ဖို့ EU အနေနဲ့ မြန်မာလက်နက်ပွဲစားတွေကို အမြန်ဆုံးဒါဏ်ခတ်ပိတ်ဆို့ အရေးယူပေးဖို့ကို Justice For Myanmar က တောင်းဆိုထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article