28 C
Yangon

ဝက်လက်မြို့နယ်နှင့် တနင်္သာရီတိုင်းတို့တွင် စစ်ကြောင်းများ တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးထက်မနည်းသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာအနီး လမ်းဆုံတွင် လမ်းသွားလမ်းလာများကို စစ်ဆေးငွေညှစ်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို စက်တင်ဘာလ ၂၆ ရက်နေ့လယ်တွင် မီးနဂါးပြောက်ကျားတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးကြောင်း သတင်းရရှိသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ကာ ရွှေဘို-စစ်ကိုင်းကားလမ်းနှင့် အရာတော်-ဝက်လက် ကားလမ်းဆုံ၌ လမ်းသွားလမ်းလာများကို ခြိမ်းခြောက်ငွေညှစ်နေသည့် အဖွဲ့ဖြစ်ကြောင်း မီးနဂါးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။

လမ်းသွားလမ်းလာများ၏ ပြောပြချက်အရ စစ်သား အလောင်း ၃ လောင်းကို မျက်မြင်တွေ့ရှိရကြောင်းနှင့် မီးနဂါးပြောက်ကျားတပ်ဖွဲ့က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

အလားတူ တနင်္သာရီတိုင်း၊ ထားဝယ်မြို့ဘက်မှ မြိတ်မြို့ဘက်သို့ ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့၏ အရာရှိ ယာဉ်တန်းကို ပုလောမြို့နယ်၊ ကဒဲရွာနှင့် သင်္ကန်းတောရွာကြားတွင် ယမန်နေ့ မွန်းလွဲပိုင်း၌ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် PPDF နှင့် PRDF က ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု ရှိကြောင်း သတင်းရရှိသည်။

ထားဝယ်ဘက်မှ ထွက်ခွာလာသော စစ်ကောင်စီ ယာဉ်တန်းသည် ပုလောမြို့နယ် ခလရ ၂၈၅ တပ်ရင်းတွင် ဝင်ရောက်ပြီး ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ပြန်လည်ထွက်ခွာလာစဉ် ဒေသကာကွယ်ရေးတပ်ဖွဲ့များက နန်းထိုက်အောက်စစ်ဆင်ရေး အစိတ်အပိုင်းတစ်ခုအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီယာဉ်တန်းသည် ပလမြို့တွင် ရပ်နားပြီး ထိခိုက်သေဆုံးသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လူနာတင်ကား ၄ စီးဖြင့် လာရောက်သယ်ဆောင်သွားကြောင်း သတင်းရရှိသည်။

အလားတူ ထားဝယ်-သရက်ချောင်းလမ်းပိုင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေးအဖွဲ့တစ်ခုက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွနှင့် ပန်းပြင်ရွာကြားရှိ စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးအဖွဲ့တစ်ခုက ဒရုန်းဖြင့် ဗုံးကျဲခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ဓါတ်ပုံ – အကြမ်းဖက်စစ်သားများ (ပုံအဟောင်း ဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article