35 C
Yangon

စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မတက်ရန်၊ စစ်တပ်ကို နိုင်ငံရေးမှ အပြီးတိုင်အမြစ်ဖြတ်ရေး ပြည်သူနှင့်အတူ တိုက်ပွဲဝင်ကြရန် တိုင်းရင်းသားလက်နက်ကိုင် ERO များကို အဖွဲ့ ၅၆၇ ခု တိုက်တွန်းတောင်းဆို

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၈

အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် စစ်ကောင်စီ၏ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအကျပ်အတည်းမှ ထွက်ပေါက်ရှာရန်အတွက် ကြားခံ အသုံးချသည့် အတုအယောင်မျှသာ ဖြစ်သော ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တက်ရောက်ခြင်း မပြုရန် အရပ်ဘက် လူထုအဖွဲ့အစည်း ၅၆၇ ဖွဲ့က စက်တင်ဘာ ၂၆ ရက်နေ့တွင် အိတ်ဖွင့်ပေးစာကို ပေးပို့ တိုက်တွန်းလိုက်သည်။

အဆိုပါ အိတ်ဖွင့်ပေးစာတွင် စစ်ကောင်စီသည် ပိုမိုအားကောင်းလာသည့် ခုခံတော်လှန်မှုကို အံမတုနိုင်သည့်အတွက် ပြည်သူလူထုနှင့် အာဆီယံအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများကို လှည့်စားရန်အတွက် တိုင်းရင်းသား လက် နက်ကိုင် တော်လှန်ရေးအဖွဲ့များကို အသုံးချ၍ အတုအယောင် ငြိမ်း ချမ်းရေး ဆွေးနွေးပွဲကို ဟန်ပြ ဖန်တီးနေခြင်းသာ ဖြစ်ကြောင်း၊ တက်ရောက်မည်ဆိုပါက စစ်အုပ်စုကို ဆန့်ကျင်တွန်းလှန်နေသည့် ပြည်သူများ၏ သဘောထားကို ဆန့်ကျင်နေမည်ဖြစ်ပြီး စစ်အုပ်စုကို တရားဝင်အဖွဲ့အစည်းတစ်ရပ်အဖြစ် အသိအမှတ်ပြုနေသည်ဟု ပြည်သူများမှ မှတ်ယူမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီက ပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ထောင်ရေးလမ်းကြောင်း ပိုမိုနှောင့်နှေးကြန့်ကြာမည်ဖြစ်ကာ လူသားချင်းစာနာသည့် အကူအညီများ ပြည်သူများထံ ရောက်ရှိရန် အဟန့်အတား ဖြစ်စေပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအား ဆက်လက် ကျူးလွန်ရန် အားပေးသကဲ့သို့ ဖြစ်နေမည်ဟု အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေးနှင့် ငြိမ်း ချမ်းရေးအတွက် အာဏာရှင်ကို ခေတ်အဆက်ဆက် ကာလရှည်ကြာ ရပ်တည်တော်လှန်လာခဲ့ကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် စစ်အုပ်စု၏ ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ မည်သည့်နည်းနှင့်မျှ တက်ရောက်ခြင်း ဆွေးနွေးခြင်း မပြုဘဲ ပြည်သူနှင့် ပူးပေါင်းရပ်တည်ရန် တိုက်တွန်းရခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

ထို့ပြင် အကြမ်းဖက်မင်းအောင်လှိုင် ဦးဆောင်သော စစ်အုပ်စုသည် လူမျိုးတုန်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုကျူးလွန်မှုများအတွက် လက်ရှိ အချိန်တွင် နိုင်ငံတကာတရားခုံရုံးတွင်လည်း တရားရင်ဆိုင်နေရပြီဖြစ်ပြီး ၎င်းတို့သည် ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးဖက်အဖြစ် ထိုက်တန် သော အဖွဲ့အစည်းမဟုတ်ကြောင်း ပြောဆိုထားပြီး အတိတ်သမိုင်းမှ သင်ခန်းစာများကို ယူပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေးလောကမှ အပြီးအပိုင်ဖယ်ရှားပစ်ရန် လိုအပ်သည်ဟု ထောက်ပြထားသည်။

ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်အရေးနှင့် ငြိမ်းချမ်းရေးအတွက် ဂုဏ်သိက္ခာရှိစွာဖြင့် စစ်အာဏာရှင်ကို ခေတ်အဆက် ဆက် ကာလရှည်ကြာ ရပ်တည်တော်လှန် လာခဲ့ကြသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများသည် အကြမ်း ဖက်အဖွဲ့အစည်းဖြစ်သည့် စစ်အုပ်စုက ဖိတ်ခေါ်သည့် အတုအယောင် နိုင်ငံရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသို့ မည်သည့်နည်းနှင့်မျှ (လူသိရှင်ကြားဖြစ်စေ၊ လျှို့ဝှက်ဖြစ်စေ) တက်ရောက်ခြင်း၊ တွေ့ဆုံခြင်း မပြုဘဲ အကြမ်း ဖက်စစ်တပ်ကို နိုင်ငံရေးမှ အပြီးအပိုင် အမြစ်ဖြတ်တောက်ပစ်ရန်အတွက် ပြည်သူလူထုနှင့်အတူ ပူးပေါင်းရပ်တည်တိုက်ပွဲဝင်ရန် အရပ်ဘက်အဖွဲ့များက တောင်းဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article