ရန်ကုန်၊ စက်တင်ဘာ ၂၈
မကွေးတိုင်း ပေါက်မြို့နယ် သရက်ကန်ရွာ ရဲစခန်းကို စစ်ကောင်စီတပ်ဖွဲ့များက ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့ မီးရှို့ပြီး စွန့်ခွာထွက်ပြေးသွားကြောင်း မြိုင်မြို့ နွေဦးတော်လှန်ရေး အဖွဲ့ထံမှ သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သရက်ကန်ရွာကို စက်တင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ကျေးရွာအတွင်းရှိ သမဝါယမ ဂိုဒေါင်အပါအဝင် ပြည်သူပိုင်နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီး ပြီးနောက် ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် သရက်ကန် ရဲစခန်းကို ရဲနှင့် စစ်သားများ မီးပြန်ရှို့ ဖျက်ဆီးပြီး စခန်း စွန့်ခွာသွားကြောင်း သိရှိရပါသည်။
ရဲစခန်းအနီးတွင် ရဲနှင့် စစ်သားများက နင်းမိုင်းများ ထောင်ထားခဲ့သည့် အတွက် ရဲစခန်း မီးရှို့ဖျက်ဆီးခံရမှု အခြေအနေ မည်မျှ ရှိသည်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
” ရဲစခန်းကို မီးပြန်ရှို့တာက သူတို့ ဝင်တိုက်ခံရရင် အလွယ်တကူ စစ်ကူ မရောက်နိုင်တာတို့ နောက်တစ်ခုက ဘယ်အချိန် လာတိုက်မလဲဆိုတဲ့ အတွေးခေါင်းထဲအမြဲ ရောက်နေလို့ ကြောက်ပြီး ထွက်ပြေးတာလဲ ဖြစ်နိုင်တယ်။ ဘာကြောင့်လည်း ဆိုတာတော့ သေချာမသိသေးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။