ရန်ကုန်၊ စက်တင်ဘာ ၂၉
စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းစာသင်ကျောင်းမှ မူလတန်းကလေးငယ်များကိုစစ်တပ်က ရဟတ် ယာဉ်ဖြင့် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ပစ်ခတ်သတ်မှုအပေါ် မျက်မြင်သက်သေဆရာမဒေါ်အေးမာဆွေ ပြန်ပြောင်း ပြောမှုကို ဖော်ပြလိုက်ပါသည်။
ပုံမှန်အတိုင်း စာသင်နေတဲ့ လက်ယက်ကုန်းကျောင်းမှ ရဟတ်ယာဉ်သံစကြားရခြင်း
ကျွန်မတို့ ကျောင်းလေးက မူလတန်းနဲ့ အလယ်တန်းတွဲဖြင့်ထားတဲ့ ကျောင်းလေးပါ။ အလယ်တန်းက ကလေးတွေကို ၁၂ နာရီထိုးရင် စပြီးတော့ စာသင်ပါတယ်။ ၄ တန်းကနေ ၈ တန်းအထိ စာသင်တယ်။
ကျန်တဲ့ ကလေးလေးတွေက ၁ နာရီထိုးမှ စသင်တယ်။ အဲ့တော့ ၁ နာရီက ထိုးခါနီးနေပြီဆိုတော့ ကလေးတွေကလည်း အကုန်စုံစုံညီညီ ရောက်နေကြပါပြီ။ တချို့တလေပဲ မရောက်သေးတာ။ အဲဒီအချိန်မှာ ၁၂ နာရီ ၅၀ လောက်ရှိမယ် ကျောင်းထဲက ကျွန်မတို့ကို ကွန်ပျူတာပိုင်းဆိုင်ရာ အမြဲကူညီပေးနေတဲ့ ကိုအောင်ဇော်ထွေးရှိတယ်။
ကိုအောင်ဇော်ထွေးကနေ ကျွန်မဆီလာပြီးတော့ အစ်မရေ ဝေဟင်လို့ လာပြောတယ်။ လာပြောတဲ့အချိန်မှာပဲ အပေါ်ကို လှမ်းကြည့်လိုက်တော့ ဝေဟင်သံလည်း ကြားနေရတယ်။ သူတို့က မြောက်ထဲ မောင်းသွားတယ်။ အဲဒီ မြောက်ထဲကနေ တစ်ဖန်ပြန်ကွေ့လာတယ်။ ကျွန်မကလည်း ကိုအောင်ဇော်ထွေးကနေ ဝေဟင်လို့ ပြောလိုက်တဲ့ အချိန်မှာပဲ မူလတန်းကျောင်းဆောင်ဘက်က ဆရာမတွေကို ကျွန်မ လှမ်းအော်တယ်။
ဆရာမတို့ရေ ဝေဟင်လို့ ကျွန်မ လှမ်းအော်တဲ့အခါကျတော့ ဆရာမတို့က ဆော့နေတဲ့ ကလေးတွေကို အကုန်လုံး အခန်းထဲကို ဝင်ခိုင်းတယ်။ တချို့ကလည်း အခန်းထဲဆော့နေတာ ။ တချို့ကလည်း အပြင်ဆော့နေတာ။ အဲ့လို ဆော့တဲ့အချိန်မှာ တချို့ ဘုရားကျောင်းဆောင်ဘက် ရောက်နေတဲ့ ကလေးလေးတွေက သူတို့ မူလတန်းကျောင်းဆောင်ဘက်ရောက်ဖို့ရာ ပြေးကြတယ်။ ပြေးတဲ့ အချိန်မှာ မပြေးတော့နဲ့ ကလေးတို့ သားတို့လာ ဆရာမဆီလာဆိုပြီး ကလေးတွေကို ကျွန်မအတန်းဆီ ခေါ်ထားလိုက်တယ်။
ခေါ်ထားပြီးတော့ ကျွန်မတို့ အထဲထဲ ဝင်လိုက်တယ်။ ခါတိုင်းလည်း ခဏခဏ ဝေဟင်တွေက လာနေကျ ကျွန်မတို့နား ဖြတ်နေကျ။ ဒီလောက်အထိ ကျွန်မတို့အပေါ်အညှိုးကြီးကြီးနဲ့ ရက်ရက်စက်စက်လုပ်လိမ့်မယ်လို့လည်း မထင်ဘူး။ ကျွန်မတို့က သူတို့ကို ဘာမှ လုပ်နေတဲ့ လူတွေလည်း မဟုတ်ဘူးလေ ။ ကျွန်မတို့က ကလေးတွေပဲ ရှိတဲ့ဟာ။ အဲဒါနဲ့ ကျွန်မတို့ အထဲထဲကို ဝင်လိုက်တယ်။
ကလေးများရှိနေတဲ့ စာသင်ကျောင်းကို လက်နက်ကြီး ၊ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ခြင်း
ကျောင်းထဲ ဝင်လိုက်တဲ့ အချိန်မှာ လက်နက်ကြီးနဲ့ စပစ်တာ။ စပစ်တဲ့အခါ ဆရာကနေ အစ်မရေ ပစ်ပြီတဲ့ ကျွန်မဘေးက ဆရာက။ ကျွန်မလည်း ဟော့တော် ဟုတ်ရဲ့လား ဆိုပြီး ကလေးတွေကို ကုတင်အောက်ဝင် ကုတင်အောက်ဝင်ဆိုပြီး ။ ကျွန်မတို့ ကျောင်းက ရှေးကျောင်းဆောင်ကြီးဖြစ်တဲ့ အတွက်ကြောင့် ကုတင်အကြီးကြီးတွေ တအားပေါတာ။ အဲဒါကြောင့် ကုတင်အကြီးကြီးတွေ အောက်ကို ဝင်ခိုင်းတယ်။
ဝင်ခိုင်းတဲ့အချိန်မှာ ကလေးတော်တော်များများ ရောက်နေတဲ့အချိန် ကျွန်မနဲ့ ဆရာလောက်ပဲ နောက်ရောက်နေတယ်။ ကုတင်အောက် မရောက်သေးဘူး။ အဲဒီအချိန် ဆရာ့ကို ပေါင် အရင် ဝင်မှန်တယ်။ ဆရာကနေ အစ်မရေ ကျွန်တော်တော့ ထိပြီဆိုပြီး ဆရာက သူ့ ပေါင်အရင်းကို ကြည့်လိုက်တဲ့အခါ သွေးတွေက ထောင်ပန်းနေတယ်။ အဲ့တော့ ဆရာ မဖြစ်တော့ဘူး ကုတင်အောက် ရောက်အောင် သွားပါ။ ကလေးတွေကို ကျွန်မ တာဝန်ထားဆိုပြီး ကလေးတွေကို ကုတင်အောက်ကို တအား သွပ်ထားတယ်။
ကလေးငယ်များကို စစ်တပ်က သတ်ဖြတ်ခြင်း
အဲဒီလို သွပ်နေတဲ့အချိန်မှာပဲ အနောက်ဘက်က ဆရာတစ်ယောက်ကနေပြီး ကျွန်မကို လှမ်းအော်တယ်။ အစ်မရေ ဖိုးသားလေးတော့ ထိပြန်ပြီတဲ့ ။ ဖိုးသားလေး ဆိုတာ ရေဦးဆေးရုံမှာ ဆုံးသွားခဲ့တဲ့ ဇင်ကိုဦးပါ။ အဲလို ပြောတော့ကျတော့ များလား ဆိုတော့ များတယ် တဲ့ဆိုတော့ မများဘူးဟယ် သွေးတိတ်အောင် စည်းထားပေးပါ။ သွေးထွက်လွန်လိမ့်မယ်။ ကလေးက ကြောက်နေလိမ့်မယ် မများဘဲနဲ့လို့ ကျွန်မ လှမ်းအော်တယ်။
ကလေးကို ကြောက်နေမှာစိုးလို့ ။ အဲဒီအချိန်မှာပဲ တစ်ခါ တရစပ် ပစ်တာ ရောက်တာနဲ့ အဲ့ တစ်နာရီလုံးလုံးက လက်နက်ကြီးနဲ့ ပစ်တယ်။ နောက်ပြီးတော့ စစ်လက်နက်တွေနဲ့ ပစ်တယ် တရစပ်ကို ပစ်တော့တာပဲ။ အဲဒီလို ပစ်နေတဲ့ အချိန်မှာပဲ ကျွန်မတို့ ဘေးက ရေပန်ကာကြီး ကွဲထွက်သွားတယ်။ ကွဲထွက်သွားတာ့ ကျောင်းထဲကို ကျွန်မလှမ်းကြည့်လိုက်တဲ့ အခါမှာလည်း တအားကို မီးခိုးတွေက လုံးနေတယ်။
ဆရာ၊ ဆရာမများနဲ့ ကလေးငယ်များအတွက် ကမ္ဘာပျက်ချိန်
ကျွန်မတို့ နှစ်ထပ်ကျောင်းဆောင်ကြီးတောင်မှ အလူးအလဲ ခံနေရတာ ဟိုဘက်မူလတန်းဆောင်က ကလေးလေးတွေတော့ ဘယ်လို နေမလဲ မသိဘူးဆိုပြီး ကျွန်မ လှမ်းကြည့်တယ်။ အဲ့ဒီဘက်မှာ ကျွန်မ သားသမီး သုံးယောက်လည်း ရှိတယ်။ ကျွန်မ ကလေးအမေပါ။
အဲဒါနဲ့ဆိုတော့ ကျွန်မ သားသမီးတွေကို စိုးရိမ်တာရော ကလေးတွေအတွက် ပူတာရောဆိုတော့ ကျွန်မ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး။ ကုတင်အောက်က ကလေးတွေကလည်း တအားငိုကြ သမီးတို့တော့ သေရတော့မှာ သမီးတို့တော့ သေရတော့မှာဆိုပြီး။ အဲဒီတော့ ကျွန်မ အားပေးတယ်။ ဘာမှ မပူနဲ့ ဘာမှ မဖြစ်ဘူး ဘုရားစာသာ ရွတ်နေကြဆိုပြီး ကျွန်မပြောလိုက်တယ်။
အဲဒီအချိန်မှာပဲ ကျွန်မဘေးက ပန်ကာကြီးက ကွဲထွက်သွားတယ်။ ကွဲထွက်သွားတော့ ဒီအောက်မှာ မလုံခြုံတော့ဘူးဆိုတာ ကျွန်မ သိတယ်။ ကလေးတွေက တအားများ၊ မီးခိုးတွေက တအားဝင်ဆိုတော့ ကျွန်မ အရှေ့ဘက် ကုတင်ကြီးအောက်ကို ပြောင်းမယ်ဆိုပြီး ဆရာ ကျွန်မ နောက်ကို ၁၀ ယောက် လိုက်ခဲ့ ၊ ကုန်းပြီးတော့ လိုက်ခဲ့နော်ဆိုပြီး ကျွန်မတို့ လေးဘက်သွားပြီးတော့ အရှေ့ဘက်က ကုတင်ကြီးအောက်ကို သွားကြတယ်။ အဲလို သွားတဲ့အချိန်မှာပဲ ကျွန်မ ဘေးက ကလေးမလေးရဲ့ ဂုတ်ကို လက်နက်ကြီးစ မှန်တယ်။ မှန်တဲ့ အချိန် ကလေးက ဆံပင်ရှည်လေး စည်းထားတာ ၊ အဲ့ဆံပင်က ပြတ်သပ်ထွက်သွားတာ။
ကျွန်မကြည့်လိုက်တဲ့အချိန်မှာ အဲ့ကလေးရဲ့ ဂုတ်က ပေါက်သွားတာ ။ ပေါက်သွားတော့ အဲ့ကလေးလေးက တအား ကြောက်နေတာ ကြောက်သွားတော့ ဆရာမရယ် သမီးတော့ သေတော့မှာလည်း မသိဘူး။ ကြည့်ပေးပါဦး၊ ကြည့်ပေးပါဦးနဲ့ သူတအားငိုတယ်။ သွေးတွေကလည်း တအားထွက်နေတယ်။ သမီးလို့ ဘာမှ မဖြစ်ဘူး နည်းနည်းလေးရယ်လို့ ဒီအချိန်ကို ဘာမှ မစဉ်းစားပါနဲ့၊ ဆရာမတို့ ကယ်နိုင်တာ ဘုရားပဲ ရှိပါတယ်။
ဘုရားစာလေးသာ ရွတ်နေလို့ ကျွန်မ အကုန်လုံးကို သတိကြီးကြီးထားပြီး ကျွန်မ ဘုရားစာပဲ ရွတ်ခိုင်းနေတော့တယ်။ ဒါပေမဲ့ ကျွန်မစိတ်ထဲက အောက်မေ့တယ်။ ဪ ငါတို့ သူတို့ကို ဘာမှလည်း လုပ်နိုင်တာလည်း မဟုတ်ဘူး ၊ ဒီအောက်မှာ ကလေးလေးတွေပဲ ရှိတာပါ။ ကျွန်မ သစ္စာဆိုတယ် ဤမှန်တဲ့ သစ္စာစကားကြောင့် ဒီလေယာဉ်တွေ ရပ်တော့ပါဆိုပြီး တအားကို ဘုရားစာပဲ ရွတ်ပြီး ဆုတောင်းနေရတာ။ အဲ့အချိန်မှာ ဆရာမလေးတစ်ယောက်က ကလေးတစ်ယောက်ကို ဆွဲပြီး အတင်းပြေးဝင်လာတယ်။
ညီမလေး ဘယ်က ဝင်လာတာလဲ ၊ ဘာလို့ ပြေးဝင်လာတာလဲဆိုတော့ အစ်မရေ ညီမခေါင်းလည်း ထိသွားပြီတဲ့ ၊ အဲလိုပြောတော့ ကျွန်မ သူ့ကို လှမ်းကြည့်လိုက်တဲ့အခါမှာ မျက်နှာကြီးမှာလည်း သွေးတွေက ရဲလို့ ၊ အဲ့တော့ အဲဒါဆို ညီမ ကုတင်အောက်ထဲ အတင်းဝင်၊ ကုတင်အောက်သာ ဝင်ပါဆိုပြီးတော့ သူနဲ့ ပါလာတဲ့ ကလေးက ရောဂါရှိတယ်။
အဲ့တော့ ကျွန်မ အဲဒီကလေးကို တအားစိုးရိမ်သွားတယ်။ အဲ့ကလေးက တုန်နေတယ်။ တအားကို တစ်ကိုယ်လုံး၊ သမီးလို့ မကြောက်နဲ့လို ကြောက်စရာမဟုတ်ဘူး၊ ဒါ ဘုရားစာရွတ်လိုက်ရင် ပျောက်သွားမှာလို့ ကျွန်မပြောထားတယ်။ ဆရာမကလည်း သွေးတွေ ထွက်နေတော့ ဒီဘက်က ကုတင်အောက်ရှိနေတဲ့ ကလေးတွေကို ကျွန်မ လှမ်းအော်တယ်။ သားအပေါ်မှာ လက်သုပ်လေးရှိတယ်။
ဘုန်းကြီးတွေ လက်သုပ်တဲ့ လက်သုပ်လေးရှိတယ်။ အဲ့လက်သုပ်လေးကို ဆရာမကို ပေးလိုက်ပါဆိုတော့ ဆရာမ အဲ့လက်သုပ်လေးနဲ့ ခေါင်းပတ်ထားပါ ဆိုတော့ ဆရာမလည်း အဲ့ လက်သုပ်လေးနဲ့ သူ့ခေါင်းကို ပတ်ထားတယ်။ အဲ့အချိန် တရစပ်ပဲ ပစ်နေတာ ပြောနေရင်း ပစ်ရင်းပဲ။ ကလေးတွေဘက်လှမ်းကြည့်တော့လည်း တကယ့်ကို မီးခိုးတွေက လုံးလို့ တစ်စက်ကလေးမှကို မနားတာ ပစ်လိုက်ပုံများကလည်း ။
အကြမ်းဖက်စစ်သားများ ပစ်ခတ်ဝင်ရောက်လာခြင်း
အဲ့ဒါနဲ့ ကျွန်မကနေပြီး တော်တော်လေး တစ်နာရီနီးပါး ပစ်ပြီးတဲ့အခါမှာ သူတို့ ခြင်းကြားကြီးတွေ လွယ်ပြီးတော့ စစ်သားတွေ ဝင်လာတယ်။ ဝင်လာတဲ့ အချိန်မှာလည်း သေနတ်တွေ ပစ်ပြီး ဝင်လာတာ။ ရိုးရိုးဒီအတိုင်းဝင်လာတာ မဟုတ်ဘူး။
သေနတ်တွေ ပစ်ပြီး ဝင်လာတယ် အော်ကြီးဟစ်ကျယ်နဲ့ ဝင်လာတယ်။ ထွက်ခဲ့ကြ၊ သူတို့ ရှာလို့မှ တွေ့ရင် သတ်မှာ ကိုယ့်ဘာသာကိုယ် ထွက်ခဲ့ကြနဲ့ အော်တယ်။ အော်ပြီးတော့ ကျွန်မတို့ ပုန်းနေတဲ့ အခန်းထဲကို ရောက်လာတယ်။ ကုတင်ကြီးတွေနားရောက်လာပြီးတော့ အရှေ့ဘက်ကို ရောက်လာကြီးတော့ သေနတ်နဲ့ ပစ်တယ်။ ဘုရားတွေကို သေနတ်နဲ့ ပစ်တယ်။ ထွက်ခဲ့တဲ့ ခေါင်းငုံ့ပြီး ထွက်ခဲ့တဲ့ ပြောတယ်။ ကလေးတွေက ကြောက်နေတော့ ကျွန်မလည်း မကြောက်နဲ့ မထွက်လို့ရှိရင် ဆရာမတို့ အပစ်ခံရလိမ့်မယ်။
လာထွက်ဆိုတော့ ကလေးတွေက ကျွန်မနောက်တစ်တန်းကြီး ထွက်လိုက်လာတယ်။ ကျွန်မတို့က အလယ်တန်းကျောင်းဆောင်ကြီးဖြစ်တော့ ကျွန်မတို့ အရင်ရောက်တယ် သူတို့ခေါ်ထုတ်လာတော့ ။
ဒဏ်ရာတွေနဲ့ အသားစတွေ ဖွာထွက်နေတဲ့ ကလေးငယ်တွေ
ကျွန်မမူလတန်းကျောင်းဆောင်ဘက်က ကလေးလေးတွေကို လှမ်းကြည့်လိုက်တော့ ကလေးလေးတွေက ထွက်လာကြတယ်။ တချို့ဆိုရင် ခြေထောက်လေးကလည်း ဖွာလို့ ဘာမှကို မရှိတော့တဲ့ဟာလေးတွေက အဲဒီရှိတဲ့ ခြေထောက်တစ်ဖက်လေးကို အားပြုပြီးထွက်လာတယ်။ တချို့ကဆိုလည်း မျက်လုံးတွေကလည်း သွေးတွေနဲ့ တချို့ဆိုလည်း တစ်ကိုယ်လုံး သွေးတွေနဲ့ ။
အဲဒီအချိန်မှာ ကျွန်မ မိဘစိတ်နဲ့ဆိုတော့ တကယ့်ပြောရရင် ကျွန်မ သားသမီး သုံးယောက်ကို အရင်ရှာတယ်။ ကျွန်မရှာလိုက်တဲ့ အချိန်မှာ ကျွန်မ သားသမီး အကြီးလေးနဲ့ အငယ်လေးကို အရင်တွေ့တယ်။ သမီးလေးကိုမှ ကျွန်မ သမီးက သွေးတွေက တစ်ကိုယ်လုံးရွှဲလို့ ။ သမီးဘာခိုက်မိတာတုန်း ၊ သမီးခိုက်မိတာလားဆိုတော့ မေမေ သမီး ဘာမှ မခိုက်မိဘူးတဲ့ သမီးရဲ့ သူငယ်ချင်း ညီမလေး ဗိုက်ကြီးပွင့်ပြီးတော့ သေနေတယ် မေမေတဲ့ ။
နောက်ပြီးတော့ ကျတော့ သမီးသူငယ်ချင်းကလည်း လက်တွေ ခြေတွေ ပြတ်ပြီးတော့ ကြည့်လို့မရတော့ဘူး မေမေတဲ့ ။ နောက်တစ်ယောက်တော့ သမီးမြင်ခဲ့တယ်တဲ့ အဲဒီလို ပြောတဲ့ အချိန်မှာ ကျွန်မ တအားစိုးရိမ်သွားတယ်။ ကျွန်မ သားအလတ်လေးက မတွေ့သေးတော့ ။
ကျွန်မနောက်က ကလေးလေးက နောက်မှာ ဆရာမ သားလေးရှိတယ်ဆိုတော့ သူတို့ မသိအောင် အသာလေး ကျွန်မနား ရောက်အောင် ခေါ်တယ်။
ပစ်ခတ်ဒဏ်ရာတွေကြောင့် သွေးအိုင်ထဲလူးနေတဲ့ မောင်ဘုန်းတေဇ
ကျွန်မသားလေးက ကျွန်မနားရောက်တော့ မောင်ဖုန်း မောင်ဖုန်းနဲ့ တအားငိုတယ်။ သားရေ ကောင်းကောင်းပြောပါ ဘာဖြစ်တာတုန်း မကြောက်နဲ့ မေမေနားရောက်လာပြီ ပြောပြောဆိုတော့ မောင်ဖုန်းက ကျွန်မ တူလေး တော်ပါတယ်။ မောင်ဖုန်းက သွေးအိုင်ထဲမှာ ပက်လက်ကလေး သားကို လှမ်းခေါ်တယ်။ ကိုကို သားကို ကယ်ပါဆိုပြီး ခေါ်နေတယ်တဲ့ ။ သား သွားခေါ်မယ်လုပ်တော့ ဆရာမက သွားလို့ မဖြစ်ဘူး၊ မသွားနဲ့ဆိုတော့ သား မသွားရဘူးတဲ့ ။ သား ညီလေး သွေးအိုင်ထဲမှာ လူးနေတယ်တဲ့ မေမေ ။
အဲလို ပြောတဲ့အခါကျတော့ သားရယ်၊ ညီလေး ဘာမှမဖြစ်ဘူး ။ နေကောင်းသွားမှာဆိုပြီး ကျွန်မ အဲဒီလို ပြောထားတယ် ကျွန်မသားကို။ အဲဒီအချိန်မှာပဲ ပစ်နေတဲ့ ကြားက မောင်ဖုန်းအမေဝင်လာတယ်။ ပစ်နေတဲ့ ကြားက မောင်ဖုန်း အမေ ဝင်လာတယ်။ အဲဒီ စစ်သားတွေ ကြားထဲက ။
အဲဒီ စစ်သားတွေက သူတို့ ပြောတဲ့ စကားပြောစက်တွေနဲ့ လေယာဉ်ကို လှမ်းပြောတယ်။ သူတို့ အောက်ကို ရောက်ပြီ မပစ်တော့နဲ့ဆိုမှ အဲဒီလေယာဉ်တွေက အပစ်ရပ်ပြီးတော့ ဘယ်ရောက်သွားမှန်း မသိတော့ဘူး။ အဲဒီမှာ မောင်ဖုန်းအမေရောက်လာကတယ်။
မောင်ဖုန်း အမေ ရောက်လာတဲ့အခါကျတော့ စစ်သားတွေက အော်တယ်။ ဟိုအစ်မကြီး ဘာလို့လာတာလဲ ပစ်သတ်လိုက်ရမလားဆိုတော့ မောင်ဖုန်းအမေက ကျုပ်သားလေး ရှာချင်လို့ပါတော် ဒီကျောင်းမှာ ကျုပ်သားလေးရှိပါတယ်။ ကျုပ်သားလေးက အသက် ၇ နှစ်ရှိပါသေးတယ်။ ကျုပ်ကို ရှာခွင့်ပြုပါတော်ဆိုတော့ မရှာရဘူး လာထိုင်တဲ့ ခင်ဗျား သေချင်သလား လာဆိုပြီး ကျွန်မတို့နား ခေါ်လာပြီးတော့ မောင်ဖုန်း အမေကိုလည်း ခေါင်းငုံ့ခိုင်းတယ်။
အဲဒီအချိန်မှာ တခြားစစ်သားတွေကလည်း ရွာတွေထဲမှာ လှည့်ပတ်မွှေနှောက်ရှာနေကြတယ်။ အဲဒီထဲကမှ ရွာသူ ရွာသားတွေကို ဖမ်းပြီးတော့ ကျွန်မတို့ ကျောင်းထဲကို ခေါ်လာတယ်။ အများကြီးပဲ ခေါ်လာတယ်။ အဲဒါတွေကိုလည်း မြေကြီးထဲ ခေါင်းငုံ့ထားတဲ့ ။
ဘုန်းကြီးတွေကို ဘုရားစာရွတ် သက်သေပြခိုင်းပြီး ရိုက်နှက်
နောက်ပြီးတော့ ကျွန်မတို့ ကျောင်းက ဘုန်းကြီးတွေကိုလည်း ကြိုးတွေနဲ့ တုပ်တယ်။ ပြီးတော့ ဘုန်းကြီး အတုတွေနဲ့ မင်းတို့ ဘုရားစာတွေ ရွတ်ဆိုပြီး ဘုရားစာတွေလည်း ရွတ်ခိုင်းတယ်။
ဘုန်းကြီးတွေက ရွတ်ပြနိုင်တယ်။ ကျွန်မတို့ကျောင်းထဲမှာ ဘုန်းကြီးတုလည်း မရှိဘူး။ အဲဒါဆိုရင် ဘုန်းကြီးစစ်တယ် မင်းတို့တဲ့။ ဘုန်းကြီးတွေကိုလည်း ရိုက်တယ်။ လူတွေလည်း ရိုက်တယ်။ ရိုက်ပြီးတော့ ကျွန်မတို့ ရွာကို ခေါင်းဆောင်ရှိလား ပြောတဲ့။ မပြောလို့ရှိရင် သတ်မှာ အကုန်လုံးကို သတ်မှာနော်တဲ့။
စစ်တပ်က ကျေးရွာ ခေါင်းဆောင်ကိုရှာပြီး သတ်ဖြတ်ရမ်းကား
အဲဒီအချိန်မှာကျတော့ အမူးသမားတစ်ယောက်က ထပြီးတော့ သူ့ကို ရိုက်နှက်နေတော့ကျတော့ ထပြီးတော့ ခေါင်းဆောင်ရှိတယ် ပြောတဲ့ ကျွန်မတို့ရွာမှာ ခေါင်းဆောင်မရှိဘူး မဟုတ်ဘူး၊ ရှိပါတယ်။ အဲ့ခေါင်းဆောင်က PDF ခေါင်းဆောင်လည်း မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူက စစ်တပ်က ဘေးရွာတွေက လာတယ်။ အမြဲတမ်းလာလာပြီးတော့ မီးတွေ ရှို့တယ်၊ လူတွေ တွေ့ရင် သတ်တယ်၊ ပစ္စည်းတွေ တွေ့ရင် ယူတယ်။ နောက်ပြီးတော့ တိရစ္ဆာန်တွေကို သတ်တယ်၊ စားတယ်။ သူ
တို့ စားလို့ အားရပြီဆိုရင် သတ်ပစ်ထားခဲ့တာပဲ။ လူလည်း သတ်တာပဲ သူတို့က တွေ့ရာအကုန်သတ်တာ ။ အိမ်ဆိုရင် မီးရှို့တာပဲ ။ အဲဒီလိုတွေ လုပ်နေတော့ အဲဒီလူတွေက သူတို့စစ်ကြောင်းလာပြီဆိုရင် ကျွန်မတို့ရွာကို ဝင်နိုင်တယ်ဆိုရင် ဝင်နိုင်တယ် ပြေးကြတော့ဆိုပြီး ကျွန်မတို့မယ် အကုန်ပြေးကြရတာ ၊ ဘယ်သူမှ မချိန်ရဘူး ပြေးရတာ။ မပြေးကြတော့နဲ့ သူတို့က မဝင်နိုင်တော့ဘူးဆိုရင် ကျွန်မတို့က မပြေးဘူး။ အဲဒီလို ခေါင်းဆောင်ပါ။
အဲဒါတွေကို အဲဒီ အမူးသမားက ဖော်တယ်။ ဖော်တဲ့အချိန်မှာ ကျွန်မတို့ကို အကူအညီပေးနေတဲ့ ကွန်ပျူတာပိုင်းဆိုင်ရာ ကိုအောင်ဇော်ထွေးကိုလည်း သူက ခေါင်းဆောင်လို့ ဖော်ပစ်တဲ့အခါကျတော့ လာ မင်းလား ခေါင်းဆောင်ဆိုပြီး ကိုအောင်ဇော်ထွေးကို ရိုက်တယ်။ ရိုက်ပြီး ကိုအောင်ဇော်ထွေး လက်က လက်စွပ်ကို ချွတ်ခိုင်းတယ်။ ချွတ်ခိုင်းတော့ ကိုအောင်ဇော်ထွေး သူ့လက်စွပ်လေး ချွတ်ပေးလိုက်ရတယ်။
နောက်ထပ် ကျွန်မတို့ Volunteer ဆရာတွေ ရှိတယ်။ အဲ့ ဆရာတွေက ၁၀ တန်းအောင်ပြီးခါစလေး ရှိသေးတယ်။ အဲ့ဆရာလေးကိုလည်း သူကလည်း ကျောင်းဆရာတဲ့ PDF ဆိုပြီး ပြောတော့ မင်းလား ကျောင်းဆရာ PDF ဆိုပြီး ထခိုင်းပြီး ဆရာ့ကိုလည်း ရိုက်ကြတယ်။ ရိုက်ပြီး ကျွန်မတို့နားကို ဆရာလေးကို ခေါ်လာတယ်။ အဲ့ဆရာ့ရဲ့ လည်ပင်းကို ဓားနဲ့ ထောက်ပြီးတော့ ဒီမှာကြည့် မင်းတို့ စာသင်နေလို့ ကလေးတွေ ဒုက္ခရောက်တာ။ မင်းတို့ စာသင်နေရင် ဒီလို ကလေးတွေ ဒုက္ခရောက်ဦးမှာပဲ။ မင်း သင်ရဲ သင်ကြည့် မင်းနောက်တစ်ခါ စာသင်ဦးမှာလားဆိုပြီး ပြောတော့ ဆရာက မသင်တော့ပါဘူး အဲလို ပြောပြီးတော့ အေး သင်ရင် သတ်ပစ်မှာ ပြောပြီး ဆရာ့ကို ကိုအောင်ဇော်ထွေးနား ခေါ်ပြီး ရိုက်တယ်။ နောက်ပြီး ရွာထဲက မိလာတဲ့ လူတစ်ယောက်ကိုလည်း သူတို့ ဖမ်းပြီးတော့ ရိုက်နေတယ်။ အဲ့နားမှာ သုံယောက်။ နောက်ပြီးတော့ သူတို့ကို ထပြောတဲ့ လူကိုလည်း ဖမ်းပြီးတော့ ရိုက်တယ်။
အဲဒီလို ရိုက်နေပြီး ဘယ်အိမ်တုန်း ကျေးရွာ ဆေးပေးခန်း လိုက်ပြဆိုပြီး သူတို့ သုံးယောက်ကို ကျေးရွာဆေးပေးခန်းကို လိုက်ပြဖို့ ခေါ်သွားတယ်။
ခြေပြတ်လက်ပြတ် ဒဏ်ရာတွေနဲ့ ကြောက်နေတဲ့ ကလေးတွေ
အဲဒီ အချိန် ကျွန်မ ခေါင်းမော့ကြည့်ပြီး ဘာမှ မပြောတော့ ကျွန်မ ကလေးတွေကို ဒဏ်ရာတွေ ရနေပါတယ် ဆရာတို့ရယ် ကြည့်ပေးပါ ပြောလိုက်တော့ ဒဏ်ရာရတဲ့ ကလေးတွေ အကုန်ထဆိုတော့ ကလေးတွေက အကုန်ထလိုက်တဲ့ အချိန်မှာ အများဆို အများကြီးပဲ ဒဏ်ရာရတဲ့ ကလေးတွေ ။
ကျွန်မရှေ့က တစ်ကိုယ်လုံး သွေးတွေရွှဲနေတဲ့ ကလေးတစ်ယောက်ကိုပဲ မြင်လို့ အရဲစွန့်ပြီး ပြောလိုက်တာ။ တချို့ကလေးလေးတွေဆို ခြေထောက်တွေက ဖွာလန်ကျဲလို့ ဘာမှကို ခြေထောက်ကို ရစရာ မရှိတော့ဘူး။ အဲဒါကို သူတို့ မငိုရဲကြရှာဘူး။ မျက်နှာလေးတွေကို ရှုံ့လို့ သူတို့ ရိုက်မှာတွေ သူတို့ငိုရင် စစ်သားတွေ ရိုက်မှာတွေ ကြောက်ပြီးတော့ အံကြိတ်ခံကြရရှာတယ်။ တချို့ကလေးတွေဆိုရင် သူတို့ဒဏ်ရာတွေကို မပြရဲဘူး။ ဆရာမ သား ဒီမှာ ဖြစ်နေတယ်။ ဒါပေမဲ့ သား မပြရဲဘူး။
သူတို့က သားတို့ကို ဖမ်းမှာ ဆိုပြီး ဆရာမ ကြည့်လိုက်လို့ ဒဏ်ရာက မပြင်းဘူးဆိုရင် သား မပြောနဲ့ အသာလေး နေဆိုပြီး ကျွန်မလည်း အုပ်ပေးထားတယ်။ တချို့ကလေးတွေဆိုရင် လုံးဝကို မပြရဲကြရှာတာ။ ကြောက်လို့ ။ အဲ့ကလေးလေးတွေ ဆေးကုနေတဲ့ အချိန်မှာ ကျွန်မကိုလည်း ကုခွင့်ပေးပါလို့ တောင်းတယ်။ တောင်းတဲ့အချိန်မှာ ထတဲ့ ရတယ်။
မောင်ဘုန်းတေဇ၏ နောက်ဆုံးအချိန်နှင့် ကလေးများအပေါ် စစ်တပ်၏ ရက်စက်မှု
အဲလို ပြောလို့ ကျွန်မ ထခွင့်ရတဲ့အချိန်မှ ကျွန်မမှာ မောင်ဖုန်းလေးဆီ အရင်ပြေးတယ်။ ကိုယ့်တူလေးလည်း ဖြစ်နေတဲ့ အခါကျတော့ ။ မောင်ဖုန်းလေးလက်က လုံးဝကို ရစရာ မရှိ ဖွာလန်ကျဲပြီးရစရာကို မရှိတော့ဘူး။ အဲဒီအချိန်မှာ သူ့ရဲ့ခန္ဓာကိုယ်ကို ကြည့်လိုက်တဲ့အခါမှာ ယောက်ျားလေးအင်္ဂါလုံးဝ မရှိတော့ဘူး။
ပေါင်ကြီးကလည်း စုတ်ပြတ်သပ်လို့ ခြေဖဝါးလေးတွေကလည်း အကုန်ပေါက်ပြဲလို့ သူ့အမေအပေါ်မှာ တအားငြီးတယ်။ မေမေသား နာလှပါပြီ။ သားကို သတ်ပစ်လိုက်တော့ပါ လို့ မောင်ဖုန်း ခဏ ခဏ ပြောတယ်။ ပြောတော့ သူ့ အမေက သားရယ် ဘာမှ မဖြစ်ပါဘူး။ ငါ့သား မေမေနဲ့ အတူတူနေရအောင် အားတင်းထား ၊ အားတင်းထားနဲ့ သူ့ အမေက အဲဒီလို ပြောတယ်။
ပြောတဲ့အချိန်မှာ မောင်ဖုန်းလေးက မရဘူး ။ မေမေ သား နာလို့ သတ်ပေးပါ သားကို သတ်ပေးပါလို့ ခဏ ခဏ ပြောတယ်။ အဲဒီအချိန်မှာ ကုတင်အောက်မှာ ဖိုးသားလေး ရှိတာ သတိရတယ်။ ဇင်ကိုဦးလေး ရှိတာ သတိရသွားတယ်။ အဲဒီကျတော့ ဆရာတို့ရယ် ဒီကုတင်အောက်မှာ လူနာတစ်ယောက်ရှိပါတယ်သေးတယ်။ ကလေးလေးကို ခေါ်ပေးပါဆိုတော့ ထတဲ့ ထွက်ထွက်တဲ့။
အဲဒီလို မရဘူး ကလေးလုံးဝ မထနိုင်ဘူး။ ထူပေးကြပါဆိုတော့ စစ်သားတွေက ဝိုင်းဆွဲကြတယ်။ လူလို သူလို ဆိုတာ မဟုတ်ဘူး။ အတင်းကို ကလေးကို တိရစ္ဆာန်ဆွဲနည်း ဆွဲထုတ်တယ်။ ဆွဲထုတ်ပြီးတဲ့အခါကျတော့ ကုတင်ပေါ်တင်တယ်။ အဲဒီတင်တဲ့အခါ ကလေးမျက်နှာက သွေးတွေ အများကြီးပဲ။ အဲဒါနဲ့ ကျွန်မ မောင်ဖုန်းဆီ ပြေးလိုက်ရ ဒီကလေးဆီ ပြေးလိုက်ရနဲ့ ။ ဒီအထဲမှာ ဖိုးသားလေးရဲ့ အစ်မကလည်း Volunteer ဆရာမလေးရှိပါတယ်။
သူ့အစ်မတွေ ရှိတယ် ခေါ်ခွင့်ပြုပါလို့။ ဆရာမလို့ မပြောရဲဘူး ဆရာမလို့ အသံကြားရင်ကို ဘယ်မယ်တုန်း သတ်မှာ ဆိုတော့ ။ ကျွန်မကလေးတွေကလည်း ပါးတယ် ခါတိုင်း ကျွန်မကို ဆရာမလို့ ခေါ်ပေမယ့် အဲဒီအချိန်မှာ ကျွန်မကို အန်တီအေးမာလို့ ခေါ်တယ်။ ကျွန်မနာမည်တွေပဲ ခေါ်ကြတယ်။ ကျွန်မတို့ထဲမှာ သူ့အစ်မလေးရှိတယ်။ သွားခေါ်ဦးမယ်ဆိုတော့ သွားခေါ်တယ်။ ညီမလေး လာလို့ ညီမလေး မောင်လေးကို ပြုစုရအောင် ဆိုတော့ ညီမလေးကို မခေါ်ခင် မေ့ပြီတော့ ဆရာမလို့ ခေါ်လိုက်တယ်။
အဲ့အချိန်မှာ စစ်သားတစ်ယောက်က ကြားသွားတယ် ဘယ်မှာတုန်း ဆရာမ ပြောတဲ့ ဆိုတော့ မဟုတ်ပါဘူး ဆရာရယ် ကျွန်မ မှားသွားတာပါ။ ဆရာတို့ကို ဆရာလို့ခေါ်တာ မှားပြီးတော့ ဆရာမ ဖြစ်သွားတာပါဆိုပြီး ကျွန်မ ပြောလိုက်တယ်။ သွားဆိုပြီး ပြောလိုက်တော့ ကျွန်မတို့ ဇင်ကိုဦးလေးကို ကျွန်မနဲ့ သူ့အစ်မ ပြုစုကြတယ်။ ဇင်ကိုဦးလေးက မေ့မေ့သွားတယ်။ မေ့မေ့သွားတော့ သူ့ မျက်လုံးက မျက်ရည်တွေ ကျတယ်။ ကျွန်မက အားပေးတယ်။ ဘာမှမဖြစ်ဘူး အန်တီအေးမာတို့ ရှိတယ်နော်။ မကြောက်နဲ့ ဘာမှမဖြစ်ဘူး သားကို ဆေးကုပေးနေတယ် ပြောလည်း မရဘူး။
သူ့မျက်လုံးထဲက မျက်ရည်တွေ တအားထွက်တယ်။ ကလေးက ခဏခဏ သတိလစ်သွားတယ်။ အဲဒီလို အချိန်မှာ ဟိုဘက်က မောင်ဖုန်းကလည်း အောက်ဆီဂျင်တပ်ထားရတယ်။ အောက်ဆီဂျင်က ကျွန်မတို့ ကျောင်းထဲမှာ ကိုဗစ်တုန်းက အောက်ဆီဂျင်တွေ ရှိတယ်။ အဲဒါတွေ တပ်ထားရတယ်။ ဒါပေမဲ့ မရပါဘူး။ မောင်ဖုန်းလေး သူ့အမေလက်ပေါ်မှာပဲ ဆုံးသွားတယ်။ အဲဒီလို ဆုံးသွားတဲ့အချိန်မှာ မောင်ဖုန်းအမေက သူ့သားဇောနဲ့။
စစ်တပ်က ကျွန်မတို့ ဖမ်းထားတဲ့ ပြည်သူတွေကို ပြောတယ် ဒီကလေးတွေ အသက်မသေချင်ဘူးဆိုရင် ကားမောင်းတတ်တဲ့ လူ ထွက်ခဲ့ဆိုပြီး ။ အဲဒီလို ပြောတဲ့ အချိန်မှာ ကျွန်မတို့ Volunteer ဆရာတွေက ထွက်လာရတယ်။ သူတို့ ကားမောင်းတတ်တယ်။ နောက်ပြီးတော့ သူတို့ဖမ်းခေါ်လာတဲ့ အထဲက ကျောင်းသားမိဘတစ်ယောက်ကလည်း ထွက်ပြီးတော့ သူတို့ ကားမောင်းတတ်ပါတယ်လို့ ဝန်ခံရတယ်။
သူတို့ ကြောက်တာပေါ့ ဘယ်ဝန်ခံရမှာလဲ။ ဒီကလေးတွေ အသက်သေမှာ ကြောက်လို့သာ သူတို့ ကားမောင်းရဲတယ်။ ထပြောခဲ့ရတာ။ အဲဒီအချိန်မှာ သူတို့က ခင်ဗျားတို့ ကားမောင်းရမယ်ဆိုပြီး အဲဒီလို ပြောပြီး အဲဒီအချိန်မှာ ကျောင်းထဲမှာ ရှိတဲ့ ကားတစ်စီးကို မူလတန်းကျောင်းဆောင်ဘက်ကို ဖင်ထိုးလိုက်တယ်။
ဒဏ်ရာရ ကလေးငယ်များကို ပီနံအိတ်ထဲ စစ်သားများက ထိုးထည့်ခြင်း
ဖင်ထိုးလိုက်တဲ့အချိန်မှာ ဖမ်းထားတဲ့ ပြည်သူတွေက အကုန်လုံးက နောက်ဘက်လှည့်နေတာ။ အဲဒီ အနောက်ဘက်လှည့်နေတဲ့ ပြည်သူတွေကို စစ်သားတွေက အသက်မသေချင်ရင် အရှေ့ဘက်အကုန်လှည့်လို့ ပြောတယ်။ အဲဒီအချိန်မှ ကျွန်မ သိလိုက်ပြီး။ ငါ့ကလေးတွေကို သူတို့ ထည့်ကြတော့မှာပဲဆိုပြီး ကျွန်မ ကလေးတွေကို ပြုစုနေတဲ့ ကြားက လှမ်းကြည့်လိုက်တဲ့အချိန်မှာ ကလေးလေးတွေကို ပီနံအိတ်ထဲ သူတို့ ထည့်တယ်။ အဲဒီပီနံအိတ်ထဲ ထည့်တာ အလောင်းမပီပါဘူး။ ပီနံအိတ်ထဲကို စုပြီးထုတ်ထည့်သွားတာပါ။
အဲဒီလို ထုတ်ထည့်သွားတယ်။ ထုတ်ထည့်သွားပြီး တင်တယ်။ လူနာတွေကျတော့ ကားတစ်စီးနဲ့ သပ်သပ်ခေါ်တယ်။ ခေါ်သွားပြီးတော့ မောင်ဖုန်းလေး သေပြီဆိုတာ သိတော့ သူ့အမေက အကုန်လည်း ပြန်ကြတော့မယ်၊ ခေါ်သွားတော့မယ်ဆိုတာ သိတဲ့အခါကျတော့ မောင်ဖုန်းရဲ့ အမေက သူ့သားရဲ့ အလောင်းကို တောင်းတယ်။ ရှီခိုးပြီးတော့ကို တောင်းတယ်။ ကျွန်မလည်း တောင်းတယ်။ ဆရာတို့ရယ် သေသွားပါပြီ။ မောင်ဖုန်းလေး ပြန်ပေးပါ။
သူ့အမေကလည်း ကျွန်မသားလေးကို ကျွန်မလက်နဲ့ သင်္ဂြိုဟ်ခွင့်ပြုပါဆရာတို့ရယ်ဆိုတော့ မပေးဘူး။ သူတို့က အထက်အမိန့်အရကြောင့်မို့လို့ပါ အစ်မတဲ့။ နောက် သူတို့ ရေဦးရောက်လို့ရှိရင် ပြန်ပေးပါမယ် ဆိုပြီး သူတို့ အဲဒီလို ပြောတယ်။ သူတို့ အထက်အမိန့်ကို မလွန်ဆန်နိုင်ပါဘူးတဲ့ အဲဒီလို ပြောတယ်။ အဲဒီလို ပြောပြီး ကျွန်မတို့ ဖမ်းထားတဲ့ လူတွေကို ဓမ္မာရုံပေါ်တက်ဆိုပြီး တက်ခိုင်းတယ်။ ညနေ ၅ နာရီလောက်။
သူတို့ အဲဒီ ဓားစာခံအဖြစ် ဖမ်းထားတဲ့လူတွေကို ခြင်းကြားကြီးတွေ ထမ်းခိုင်းတယ်။ ထမ်းခိုင်းပြီးတော့ ရှေ့ကနေပြီးတော့ လူသားဒိုင်းအဖြစ် ခေါ်သွားတယ်။ ခေါ်သွားပြီးတော့ ဒဏ်ရာအပြင်းအထန်ရတဲ့ ကလေးတွေကိုလည်း ခေါ်သွားတယ်။ တချို့ကလေးလေးတွေဆိုရင် ၇ နှစ်၊ ၉ နှစ်ဆိုတာ မိဘနဲ့ ခွဲခွာနေရတဲ့ ကလေးလေးတွေ မဟုတ်ဘူး။ ဘယ်မိဘအပြုအစုမှ မပါဘဲ မျက်စိသူငယ်လေးနဲ့ လိုက်သွားရရှာတယ်။ ဒီဒဏ်ရာဝေဒနာတွေက တစ်မျိုး သူ့တို့ လက်နက်တွေကြားထဲမှာ သူတို့ သတ်မလား ဖြတ်မလား မသိ ခေါ်သွားလို့ လိုက်သွားရတာက တစ်မျိုးနဲ့ ကျွန်မကလေးလေးတွေ မျက်စိသူငယ်နဲ့ လိုက်သွားရတယ်။ သူတို့အဲဒီအချိန်မှာ ရေဦးအထိ ခေါ်သွားတယ်လို့ ပြောတယ်။
လမ်းရောက်တော့ အဲဒီမှာ ခေါင်းဆောင်လို့ ပြောတဲ့ ကိုအောင်ဇော်ထွေးကို လမ်းတင်တဲ့ ခေါင်းကို သေနတ်နဲ့ ပစ်သတ်ထားခဲ့တယ်။ အဲဒီ အရှေ့ဘက်အခြမ်းကနေ ဝင်လာတဲ့ စစ်သားတွေက ကျွန်မတို့ ရွာသူရွာသားတွေကို တွေံသမျှအကုန် ခေါင်းချည်းပဲ ပစ်သတ်ထားခဲ့တာ။ အဲဒီအထဲမှာ သေဆုံးစာရင်းမှာပါတဲ့ မယူဆို သူက နွားကျောင်းရရှာတာ သူ့မှာ သားသမီး နှစ်ယောက်ရှိတယ်။ သူ့ကိုလည်း ခေါင်းပစ်သတ်သွားခဲ့တာ။
နောက်ပြီးတော့ သူတို့က လူမှန်သမျှ ရက်ရက်စက်စက် ပစ်တယ်။ ကလေးကော လူကြီးကော သူ နားမလည်ဘူး သူတို့ ။ သူတို့ စိတ်တွေက ဘာစိတ်တွေမှန်းကို ခန့်မှန်းလို့ မရဘူး။ သူတို့ ကျောင်းထဲ ရောက်တဲ့အချိန်မှာ သူတို့ အချင်းချင်း မှားပြီးတော့ ပစ်ကြသေးတယ်။ အဲဒီမှာ နောက်တစ်ဖွဲ့က သူတို့ အချင်းချင်း မှားပြီးတော့ သေနတ်တွေနဲ့ ဝင်လာတဲ့အခါမှာ PDF တွေ လာပြီဆိုပြီးတော့ ပစ်တယ်။ တော်တော်ကြာအောင် ပစ်ပြီးတော့ မဟုတ်ဘူး မှားပြီ မှားပြီနဲ့ ငါတို့ ကိုယ့်လူတွေ ကိုယ်လူတွေ မှားပစ်ပြီ ရပ်ရပ်ဆိုတဲ့အခါမှ သူတို့ရပ်တယ်။ ကျောင်းထဲ ရောက်ကာစက သူတို့ အဖွဲ့အချင်းချင်းကိုလည်း မှားပစ်ကြသေးတယ်။
လက်ယက်ကုန်းကျောင်းလေး၏ ရင့်နင့်ဖွယ် နိဂုံး
ကျွန်မတို့ဆီမှာ ဘယ် PDF မှလည်း မရှိဘူး ဘယ် KIA မှလည်း မရှိဘူး။ ကျွန်မတို့ဘာသာ ကျွန်မတို့ တောင်သူ လုပ်စားတယ်။ ကလေးလေးတွေ ပညာရေးနောက်ကျမှာ စိုးလို့ ကိုယ်ထူကိုယ်ထလေး ဖွင့်နေတဲ့ ကျောင်းလေးပါ။ ဘယ်သူကမှ အသိအမှတ်ပြထားတဲ့ ကျောင်းလည်း မဟုတ်ပါဘူး။ အဲဒါကို ဘာလို့များ ဒီလောက်အထိ ရက် ရက်စက်စက်ပစ်ကြတာလဲ ။ ဘာလို့များ ဘာတွေ အုန်းစားပြီး အဲ့ဦးနှောက်တွေနဲ့ လုပ်နေကြလဲ ကျွန်မ တကယ့်ကို စဉ်းစားလို့လည်း မရဘူး တွေးလို့လည်း မရဘူး။ ကျွန်မတို့ အဖြစ်အပျက်ကတော့ အဲဒါပါပဲ။
ဓာတ်ပုံ- လက်ယက်ကုန်းစာသင်ကျောင်းတွင် စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူ ကလေးငယ်တစ်ဦး၏ အလောင်းကို မိဘဖြစ်သူ ကိုင်တွယ်ငိုကြွေးနေစဉ်။