36 C
Yangon

ကံပေါက်၊ မောရဝတီ ရေတပ်ဌာနချုပ်မှ တပ်သား ၅ ဦး လက်နက်နှင့်အတူ ထွက်ပြေးသဖြင့် စစ်တပ်က တောနင်းရှာဖွေနေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၁

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ကံပေါက်ဒေသရှိ စစ်ကောင်စီ၏ မောရဝတီ ရေတပ်ဌာနချုပ်မှ တပ်သားအဆင့် ၅ ဦးသည် လက်နက်နှင့်အတူတကွ ထွက်ပြေးသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ အပူတပြင်း လိုက်လံ ရှာဖွေနေကြောင်း သတင်းရရှိသည်။

“ထွက်ပြေးတာ သေချာပါတယ်၊ စစ်သားတွေ ကံပေါက်ဒေသမှာ ကင်း တောက် လျှောက်ပတ်ပါတယ်၊ ကားတွေနဲ့ ပတ်နေပါတယ်” ဟု ကံပေါက်ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အဆိုပါ တပ်သားများသည် အောက်တိုဘာလ ၂၇ ရက် ညပိုင်းတွင် ကင်းစောင့်နေစဉ် လက်နက်နှင့်တကွ ထွက်ပြေးသွားကြောင်း သိရှိရသည်။

တပ်သားများ ထွက်ပြေးသဖြင့် စစ်ကောင်စီတပ်များ အပူတပြင်းရှာဖွေနေကြောင်း ကံပေါက်ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ အတည်ပြုပြောဆိုသည်။

“ထွက်ပြေးတာက သေချာတယ်၊ ထွက်ပြေးတဲ့သူတစ်ယောက်ရဲ့ မိန်းမက ကျန်ခဲ့တယ်။ ထွက်ပြေးတဲ့သူတွေက လက်နက်တွေ ပါသွားတယ်၊ တစ်ယောက်ရဲ့ ညီအစ်ကို တစ်ယောက်က ကံပေါက် ခလရ ၂၇၃ မှာ ရှိတယ်လို့ သိရတယ်” ဟု ဒေသသတင်းရင်းမြစ် ကံပေါက်ဟစ်တိုင်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ကံပေါက်ဒေသတွင် လိုက်လံစစ်ဆေးရှာဖွေနေပြီး လက်ရှိအချိန်တွင် ပြန်လည်ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရှိရသည်။

“စစ်သားတွေက လမ်းဆုံတွေမှာ အသေစစ်တယ်။ လေးအိမ်စု၊ တောင်ရင်းအင်း ၊ အုန်းပင်ကွင်း လမ်းဆုံတွေမှာ အသေ စစ်နေတာ။ အနီးနားက ရွာတွေမှာလည်း တောနင်းရှာနေတယ်” ဟု မျက်မြင်တွေ့ရှိခဲ့သည့် ကံပေါက်ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဆိုသည်။

စက်တင်ဘာလအတွင်း၌ အဆိုပါ မောရဝတီ ရေတပ်မှ တပ်သား ၁၂ ဦး ထွက် ပြေးခဲ့ကြောင်း၊ ယမန်နှစ်ကုန်ပိုင်း၌လည်း တပ်သားများ ထွက်ပြေးခဲ့သည့် ဖြစ်စဉ် လည်း ရှိခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ရေတပ်စခန်းမှ ထွက်ပြေးသည့် စစ်သားပေါင်း ၃၀ ကျော်နေပြီ ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့များသည် ယခင်ဖြစ်စဉ်များတွင်လည်း လိုက်လံ ဖမ်းဆီးခဲ့ပြီး ဖမ်းမိခဲ့သူ နှစ်ဦးကို သတ်ဖြတ်ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဓါတ်ပုံ – မောရဝတီရေတပ်စခန်းသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယခုနှစ်ဆန်းပိုင်းက လာရောက်စဉ်တွေ့ရသော ရေတပ်မှ အရာရှိများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article