31 C
Yangon

ငွေကြေးခဝါချသည့် အမည်ပျက်နိုင်ငံ ကြေညာခံရမှုကြောင့် မြန်မာ့စီးပွား ရေးတစ်ခုလုံး ပြိုလဲစေနိုင်သည်အထိ ကျရောက်လာမည့် သက်ရောက်မှုများ

Must read

By ရန်ကုန်ခေတ်သစ်

ကမ္ဘာ့ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ကြီး (FATF) က မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာ အမည်ပျက်နိုင်ငံအဖြစ် ကြေညာလိုက်ရာ ယင်းကြေညာမှုသည် မြန်မာ့စီးပွားရေးကဏ္ဍကြီး တစ်ခုလုံးကို အရှိန်ဟုန်ပြင်းပြင်းဖြင့် ညတွင်းချင်း ဆိုးကျိုးများ ရိုက်ခတ်နေသည်။

ကမ္ဘာပေါ်တွင် ငွေကြေးခဝါ သည့် အမည်ပျက်နိုင်ငံစာရင်း ကြေညာခံရသည့် နိုင်ငံ ၃ ခုရှိပြီး မြောက်ကိုရီးယား၊ အီရန်နှင့် မြန်မာနိုင်ငံတို့ ဖြစ်သည်။

မြန်မာနိုင်ငံသည် ငွေကြေးခဝါချမှုုများကို အရေးယူတိုက်ဖျက်ရန် မလုပ်ဆောင်ခြင်း၊ အကြမ်းဖက်မှုနှင့်ပတ်သက်သော ငွေကြေးကိစ္စများကို အရေးယူမှုများ မလုပ် ဆောင်ခြင်း၊ FATF အဖွဲ့ကြီးက ချမှတ်ထားသော စည်းမျဉ်းစည်း ကမ်း ဘောင် များအတိုင်း လိုက်နာဆောင်ရွက်မှုမရှိခြင်း၊ အရေးယူလုပ်ဆောင်ရမည် များနှင့်ပတ်သက်၍ တိုးတက်မှုရှိအောင် မဆောင်ရွက်ခြင်း များကြောင့် ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်မှုဆိုင်ရာ ဘဏ္ဍာရေးများတွင် ပါဝင်ပတ်သက်သော အမည်ပျက်နိုင်ငံအဖြစ်ကြေညာခံရခြင်းဖြစ်သည်။

FATF သည် မြန်မာနိုင်ငံ၏အမည်ပျက်စာရင်းကို နိုင်ငံတကာ အစိုးရများထံသို့ ပေးပို့၍ မြန်မာနိုင်ငံကို အနီးကပ် စောင့် ကြည့်စေမည်ဖြစ်ပြီး အမည်ပျက်နိုင်ငံအဖြစ် ကြေညာရသည့် အကြောင်းအရင်းများအပေါ် မူတည်၍ စည်းကမ်းသတ်မှတ် ချက် များစွာ ထားရှိမည်ဖြစ်သည်။

အကယ်၍ အမည်ပျက်စာရင်းတွင် ပါဝင်မှုသည် အကြမ်းဖက် ငွေကြေးထောက် ပံ့မှုကြောင့် အမည်ပျက်နိုင်ငံစာရင်းတွင် ထည့်သွင်းခြင်း ဖြစ်ပါက နောက် ဆက်တွဲ အကျိုးဆက်မှာ ပိုမိုပြင်းထန်၊ ပိုမိုဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်စေမည်ဖြစ်ပြီး အောက်ပါသက်ရောက်မှုများကို မြန်မာ့စီးပွားရေးကဏ္ဍတစ်ခုလုံး ကြုံတွေ့နိုင်ရဖွယ်ရှိသည့် အရေးယူခံရမှု၏ အကျိုးဆက် နောက် ဆက်တွဲများဖြစ်ပေါ်မည်ဖြစ်သည်။

ငွေကြေးခဝါချ အမည်ပျက်နိုင်ငံစာရင်း ကြေညာခံရခြင်း၏ သက်ရောက်မှုများ

(၁) မြန်မာနိုင်ငံသို့ ပြည်ပမှ ငွေကြေးစီးဆင်းမှုကို စောင့်ကြည့်အကဲခတ်ခြင်း၊ လိုအပ်ပါက တားဆီးစစ်ဆေးခြင်း၊ နိုင်ငံတကာဘဏ်များနှင့် အကန့်အသတ်ဖြင့်သာ ချိတ်ဆက်နိုင်ခြင်း တို့ကြောင့် နိုင်ငံတကာကုန်သွယ်မှု၊ ရင်းနှီး မြှုပ်နှံမှု၊ နိုင်ငံခြားအကူအညီနှင့် နိုင်ငံခြားငွေ စီးဆင်းမှုများ အားလုံး ကျဆင်းခြင်း၊

(ခြွင်းချက်-လူသားချင်းစာနာထောက် ထားမှု အကူအညီများအတွက် ခြွင်းချက်ရှိသည်)

(၂) IMFနိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ ၊ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် တို့က စီးပွားရေးပိတ်ဆို့မှုများ ရှိလာမည်ဖြစ်ပြီး ထိုသို့ ပိတ်ဆို့ ဒဏ်ခတ်မှုကြောင့် အဆိုပါငွေကြေးအဖွဲ့အစည်းများနှင့် နိုင်ငံတကာက မြန်မာနိုင်ငံနှင့်ချိတ်ဆက်ရန် ခက်ခဲသွားခြင်း၊

(၃) မြန်မာနိုင်ငံမှ ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ယုံကြည်မှု ဆုံးရှုံးခြင်း။ ချိတ် ဆက်ဆောင်မည့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်လည်း လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်အဆင့် ပေါင်းများစွာကို ရှင်းလင်းမှုများကို လုပ် ဆောင် ရမည်ဖြစ်သည်။

(၄) မြန်မာနိုင်ငံနှင့် နိုင်ငံတကာ ငွေပေးချေမှုများ နှောင့်နှေးခြင်း၊ ထို့အတွက် Supply-Chain ကွင်းဆက်တလျှောက် ကုန်သွယ်မှုအပေါ် ကြီးစွာသော ဆိုးကျိုးသက်ရောက်မှုများရှိခြင်း၊

(၅) မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံအတွက် နိုင်ငံတကာ ဘဏ်များ၏ ဝန် ဆောင်ခ Charge များ အဆမတန်မြင့်မားလာခြင်းနှင့် Correspondent Bank များ ရှားလာခြင်း၊ တရားမဝင် နယ်စပ်ဖြတ်ကျော် ရောင်းဝယ်မှုစရိတ်များ မြင့်တက်လာခြင်း၊

(၆) မြန်မာနိုင်ငံ၏ Credit Rating ကျလာခြင်း၊

(၇) မြန်မာနိုင်ငံနှင့်ပတ်သက်သော ဘဏ်နှင့်ငွေကြေးစနစ်အပေါ် နိုင်ငံတကာက ပြင်းထန်စွာ စိစစ်နေသောကြောင့် တရား မ၀င် ငွေလွှဲလမ်းကြောင်းများနှင့် ငွေကြေးခဝါချမှုများ တိုးလာနိုင်ခြင်း၊

(၈) အမည်ပျက်စာရင်းတွင် ပါဝင်သည့်နိုင်ငံမှ ငွေရေးကြေးရေးအဖွဲ့အစည်းများ၏ လုပ်ငန်းခွဲများ သို့မဟုတ် ဘဏ်ခွဲများ သို့မဟုတ် ကိုယ်စားလှယ်ရုံးခွဲများ တည်ထောင်ခြင်းကို ငြင်းဆိုခြင်း သို့မဟုတ် သက်ဆိုင်ရာ ဘဏ္ဍာရေး အဖွဲ့အစည်း သည် လုံလောက်သော AML/CFT (Anti-Money Laundering (AML) and Counter-Terrorism Financing (CTF) systems) စနစ်မရှိသောနိုင်ငံမှ ဖြစ်သည် ဟူသောအချက်ကို ထည့်သွင်းစဉ်းစားခြင်း၊

(၉) အမည်ပျက်စာရင်းဝင်နိုင်ငံ သို့မဟုတ် ထိုနိုင်ငံအတွင်းရှိ လူပုဂ္ဂိုလ်များနှင့် စီးပွားရေးဆိုင်ရာ ဆက်ဆံရေး သို့မဟုတ် ငွေကြေးလွှဲပြောင်းမှုများကို ကန့် သတ်ခြင်း၊

(၁၀) Financial Groups များအနေဖြင့် Higher-risk အဖြစ် သတ်မှတ်ထားသည့် မြန်မာနိုင်ငံ အတွင်း တည်ရှိသော ၎င်းတို့၏ ဘဏ်ခွဲများနှင့် လုပ်ငန်းခွဲများနှင့်ပတ်သက်၍ ပြင်ပစာရင်းစစ်လိုအပ်ချက်များ တိုးမြှင့်တောင်းဆိုခြင်း၊

(၁၁) FATF ၏ အမည်ပျက်နိုင်ငံအဖြစ် ပိတ်ဆို့အရေးယူမှုများသည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအ တွက် သိသာ ထင်ရှားသော အန္တရာယ်ကို ညွှန်ပြနေပြီး အမည်ပျက်စာရင်းပါနိုင်ငံများ၏ စီးပွားရေးကို ဆိုးရွားစွာ သက်ရောက်မှုရှိနိုင်ပါသည်။

ထိုဆိုးကျိုး သက်ရောက်မှုများသည် စစ်ကောင်စီတစ်ခုတည်းအပေါ်သာ သက် ရောက် မည်မဟုတ်ဘဲ အမည်ပျက်စာရင်းဝင် မြန်မာနိုင်ငံမှ မြန်မာနိုင်ငံသားအား လုံးအပေါ် တိုက်ရိုက် သော်လည်းကောင်း ၊ သွယ်၀ိုက်၍သော်လည်း ကောင်း သက်ရောက်မှု ရှိမည်ဖြစ်ပါသည်။

(ယခုဖော်ပြပါ အချက်အလက်များသည် မြန်မာ့စီးပွားရေးနှင့်ကုန်သွယ်ရေးရာပေါ်လစီ ဆိုင်ရာ ကျွမ်းကျင်သူ၏ တွက်ချက်ဖော်ပြချက်များဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article