29 C
Yangon

နိုင်ငံတစ်ဝန်း ကုန်တင်ကားများကို စစ်တပ်နှင့်ရဲက ဆက်ကြေးကောက်မှု ပိုမိုများပြားလာပြီး ငွေကျပ်သိန်းဂဏန်းချီ ပေးရ၊ ငွေ မပေးလျှင် ပစ်သတ်မည်ဟုပင် စစ်တပ်က သေနတ်ပြ ခြိမ်းခြောက်

Must read

ရန်ကုန်၊ အောက်တိုဘာ ၉

မြန်မာနိုင်ငံ တစ်ဝန်း အဝေးပြေး ကုန်တင်ကား မောင်းနှင်သူများကို အကြမ်းဖက် စစ်တပ် ဦးစီးပြီး လမ်းတစ်လျှောက် ဆက်ကြေးကောက်ခံ မှုများ ပိုမိုများပြားလာကြောင်း ကုန်တင်ကား မောင်းနှင်သူများထံမှ သိရသည်။

ကုန်တင်ကား မောင်းနှင်သူများကို သက်ဆိုင်ရာ လမ်းပိုင်း တစ်လျှောက်ရှိ အကြမ်းဖက် စစ်တပ်မှ ဦးစီးဖွင့် လှစ်ထားသော ဆက်ကြေးကောက်ခံသည့် ဂိတ်များတွင် ကားလိုင်စင်၊ လူလိုင်စင်များ ပြသရပြီး ကား ၁ စီးလျှင် ၁ သောင်းမှ ၂ သောင်းအထိ ပေးဆောင်နေရကြောင်း၊ အကြမ်းဖက် စစ်တပ်က တောင်းခံသည့် ငွေကြေး ပေးဆောင်ခြင်း မရှိသူများကို ပစ်သတ်မည်ဟု ခြိမ်းခြောက်မှုများပါ ခံလာရကြောင်း ကုန်တင်ကား သမားများက​ ပြောဆိုသည်။

” ကျွန်တော်တို့ ကုန်တင်ကားတွေကို စစ်တပ်၊ ရဲနဲ့ စစ်ကောင်စီ လက်အောက်ခံ အဖွဲ့အစည်း ပေါင်းစုံက ဓားမြ တိုက်သလို လမ်းတစ်လျှောက် ဂိတ်တွေဖွင့်ပြီး ပိုက်ဆံတောင်းနေတယ်။ စစ်ဆေးရေး ဂိတ်ရောက်ရင် သူတို့ တောင်းသလောက်ကို ပေးနေရတယ်။ သူတို့ တောင်းသလောက် မပေးရင် ကားတွေကို အကြောင်းမရှိ အကြောင်းရှာပြီးရစ် ပြီးရင် မသွားဘဲ ရပ်ထားခိုင်း ဖမ်းမယ်တွေ ပစ်သတ်လိုက်လို့ရတယ်တွေ ပြောဆိုခြိမ်းခြောက်တယ်။ သူတို့ ကောက်ခံတာကလည်း အကြောင်းကြောင်း အမျိုးမျိုးကို ပြပြီးတောင်းနေတာ ဓားမြတိုက်သလိုပဲ ဘယ်လမ်းကြောင်းတွေလည်း ဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာပဲ ရန်ကုန်-မန္တလေးလည်း ပေးရတာပဲ ဘယ်လမ်းကြောင်းမဆို ပေးနေရတာ မပေးရက် ရိုက်မယ် နှက်မယ်ဆိုတာကြီးပဲ” ဟု ကုန်တင်ယာဥ်မောင်း တစ်ဦးကပြောဆိုသည်။

မြစ်ကြီးနား-မြဝတီ လမ်းပိုင်းတွင် မောင်းနှင်နေသော ကုန်တင်ကား ယာဥ်မောင်းများ အနေဖြင့် အသွားလမ်းကြောင်းကိုပင် အကြမ်းဖက် စစ်တပ် ဂိတ်စခန်းများကို ပေးဆောင်ရသည်မှာ ၂ သိန်း ၈ သောင်းကျပ် အထိ ပေးဆောင်နေရကြောင်း သိရသည်။

ဧရာဝတီတိုင်း ရန်ကုန်- မအူပင်-မော်ကျွန်းလမ်းတွင်လည်း လမ်းတစ်လျှောက် ရဲ၊စစ်သား မော်တော်ပီကယ်များက ကားသမားများကို အလွန်ငွေကြေးတောင်းခံကြပြီး အနည်းဆုံး ငွေကျပ် ၅၀၀၀ မှ သိန်းဂဏန်းအထိ တောင်းယူ ကြကြောင်း သိရှိရသည်။

ကရင်ပြည်နယ်၊ဘားအံ-ရန်ကုန်လမ်းကြောင်းတွင်လည်း ကုန်ကားများအနေဖြင့် X ray စက်ဖြင့် ဖြတ်သန်းရန် စောင့်ဆိုင်းရချိန် အလွန်ကြာမြင်ပြီး သံလွင်တံတား စစ်ဆေးရေး စောင့်ဆိုင်းချိန် ၁ နာရီ ရှိကြောင်း၊ လမ်းခရီးတစ်လျှောက်လုံး စစ်တပ်နှင့်ရဲက ဂိတ်ပုံစံမျိုးချပြီး ငွေတောင်းကြကြောင်း၊ စစ်တောင်းတံတား အဝ X-ray စက် စစ်ဆေးရန် စောင့်ဆိုင်းချိန် ၃ နာရီကျော် စောင့်ဆိုင်းရကြောင်း၊ ဘားအံ-ရန်ကုန် ခရီးသည် ယခင် ၅ နာရီသာကြာမြင့်သော ခရီးသည် ယခု ၉ နာရီနီးပါး ကြာမြင့်ကြောင်း၊ ဂိတ်တိုင်းတွင် ငွေကြေး အနည်းဆုံးသောင်းဂဏန်းမှ သိန်းဂဏန်းအထိ ကုန်ကားများကို အကြောင်းအမျိုးမျိုးပြ တောင်းယူကြကြောင်း သိရှိရသည်။

မကွေးတိုင်းဘက် ပခုက္ကူတံတားရှိ စစ်ဆေးရေးဂိတ်တွင် အမျိုးသားများ၊ ကားသမားများကို ဖုန်းများစစ်ဆေးပြီး အင်္ကျီ၊ ပုဆိုးပါ ချွတ်ပြရကြောင်း၊ မှတ်ပုံတင်ပြရကြောင်း၊ ကုန်ကားများအနေဖြင့်လည်း စစ်ဆေးခံရသည့်အပြင် ငွေကြေးပါ တောင်းသလောက်ပေးနေရကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တောင်းတံတားတွင် ယခုရက်ပိုင်းအတွင် ပိတ်မိနေသည့် ကုန်ကားများနှင့်အိမ်စီးကားများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article