28 C
Yangon

မြောက်ဥက္ကလာပ ဋ ရပ်ကွက်ရှိ စစ်တပ်သတင်းပေးအိမ်ကို အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက် ၊ ရွှေပြည်သာတွင် မပေါက်ကွဲသေးသည့် ဗုံးတွေ့ရှိပြီး သာကေတတွင် ပစ်ခတ်သံများ ထွက်ပေါ်

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၁

ရန်ကုန်တိုင်း။ မြောက်ဥက္ကလာပမြို့နယ် ဋ ရပ်ကွက်ရှိ စစ်တပ်သတင်းပေးနေအိမ်ကို ယနေ့ညပိုင်းတွင် အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ ၁ က သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၃၁ ရက်နေ့ ည ၇ နာရီ ၅ မိနစ်အချိန်တွင် ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ပြီး အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုသည် စစ်ကောင်စီကို ကျော ထောက်နောက် ခံပြု၍ ပြည်သူလူထုအပေါ် နည်းမျိုးစုံဖြင့် အန္တရာယ်ပေးနေသည့် ဒေါက် တိုင်များကို နောက်ဆုံး အကြိမ် သတိပေးခြင်းအဖြစ် ဖောက်ခွဲတိုက်ခိုက်ခြင်း ဖြစ်ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ ၁ မှ တာဝန်ခံ အက္ခရာနှင့် မုန်တိုင်းတို့က ကြေညာချက်ထုတ်ပြန်ထားသည်။

“ဗုံးပေါက်ကွဲသံကအတော်ကိုကျယ်တာပါ။ အတွဲလိုက်ဗုံးလားတော့မသိဘူး။ ဆက်တိုက် ပေါက်သံကြားရတာ။ ထိခိုက်မှု ရှိ မရှိတော့ မသိရသေးပါဘူး” ဟု မြောက်ဥက္ကလာဒေသခံတစ်ဦးက ပြောဆိုသည်။

အလားတူ ဒဂုံမြို့သစ်တောင်ပိုင်းတွင် ယနေ့ ည ၉ နာရီ ၄၀ မိနစ်အချိန် ဗုံးပေါက်ကွဲသံကြားရကြောင်း၊ သာကေတမြို့နယ်တွင်လည်း ယနေ့ည ၉ နာရီ ၄၃ မိနစ်အချိန် သေနတ်ပစ်သံများကြားရကြောင်း ဒေသခံများက ပြောဆိုကြသည်။

ထို့ပြင်ယနေ့ ည ၉ နာရီ ဝန်းကျင်အချိန် ရွှေပြည်သာမြို့နယ် တရားရုံးအနီးတွင် ဗုံးတွေ့ရှိ၍ စစ်တပ်က လမ်းများ ပိတ်ဆို့ ထားပြီး စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများက တုတ်၊ ဓားများကိုင်ဆောင် ကင်းလှည့်နေကြကြောင်း ဒေသခံပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုချက်အရ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article