29 C
Yangon

သံဖြူဇရပ်နှင့် ရေးတွင် စစ်ယာဉ်တန်း ၂ ကြိမ်တိုက်ခိုက်ခံရပြီး စစ်သား ၁၀ ဦး ထိခိုက်သေဆုံး၊ ခင်ဦးတွင် စစ်တပ်စစ်ကြောင်း မိုင်းခွဲခံထိပြီး ၆ ဦး သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂

မွန်ပြည်နယ်၊ ရေး-သံဖြူဇရပ်ကားလမ်းတွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ဒေသကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် မွန်ပြည်နယ် တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က အောက်တိုဘာလ ၁ ရက် နံနက်ပိုင်းတွင် ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁၀ ဦး ထိခိုက်သေဆုံးကြောင်း သတင်းရရှိသည်။

သံဖြူဇရပ်မှ ရေးဘက်သို့ ထွက်ခွာလာသော စစ်ယာဉ်တန်းကို နံနက် ၉ နာရီ ၂၇ မိနစ်၌ ရွာသာအေးရွာအနီး ဇင်ပြွန်းပင်ဇရပ်ရှေ့တွင် တစ်ကြိမ်၊ နံနက် ၉ နာရီ ၅၁ မိနစ်၌ ကနင်ကမော့ရွာနှင့် အောင်သာယာရွာကြား ပရားသားတံတားအနီး၌ တစ်ကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ် တောင်ညိုပြည်သူ့ပြောက်ကျားအဖွဲ့က ထုတ်ပြန်သည်။

တိုက်ခိုက်မှု နှစ်ကြိမ်တွင် စစ်သား ၁၀ ဦး သေဆုံးဒဏ်ရာရပြီး စစ်ကားတစ်စီးလည်း ပျက်စီးသွားကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက စက်တင်ဘာလ ၃၀ ရက်နေ့က မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၆ ဦး သေဆုံးပြီး ၅ ဦးခန့် ဒဏ်ရာရကြောင်း သတင်းရရှိသည်။

ခင်ဦးမြို့နယ်၊ ရွာသစ်ကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့များသည် အင်းပတ်ကွေ့ဘူတာမှတဆင့် အင်းပတ်ကျေးရွာထဲသို့ ထွက်ခွာလာစဉ် စက်တင်ဘာလ ၃၀ ရက် ညနေ ၆ နာရီ ၁၀ မိနစ်၌ ဒေသကာကွယ်ရေးတပ်ဖွဲ့များက တိုက်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

တိုက်ခိုက်မှုကို ခင်ဦး Special Force Organization၊ ခင်ဦး Support Organization နှင့် ခင်ဦးနယ် ဒေသကာကွယ်ရေးမဟာမိတ် အင်အားစုတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓါတ်ပုံ – စစ်တပ်ယာဉ်တန်းတစ်ခု (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article