ရန်ကုန်၊ အောက်တိုဘာ ၁
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် တဆယ်ကျဲရွာကို စက်တင်ဘာ ၂၂ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီဝင်များ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ် ၃၅ လုံးမီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း ဒေသခံများထံမှ သိရှိရသည်။
စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တဆယ်ကျဲကျေးရွာကို အကြောင်းမဲ့ ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် စက်တင်ဘာ ၂၂ ရက်နေ့ တစ်ရက်တည်း သဲစားရွာ၊ အင်တောသာရွာ၊ တဆယ်ကျဲရွာ၊ ငှက်ပျောတောရွာ၊ အင်းနားရွာများကို ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စက်တင်ဘာလအတွင်း စစ်တပ်က လူ ၁၁ ဦးကို သတ်ဖြတ်ပြီး အိမ် ခြေ ၇၀၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
စက်တင်ဘာလအတွင်းတွင် အုတ်ဖိုလ်အိုင်ကျေးရွာမှ PDF ရဲဘော် ၄ ဦးနှင့် ပြည်သူ ၅ ဦး၊ အောင်ချမ်းသာကျေးရွာမှ ပြည်သူ ၁ ဦး ၊ ဂွေးကုန်းကျေးရွာမှ လူငယ် ၁ ဦး စုစုပေါင်း ၁၁ ဦးကို စစ်တပ်က ရက်ရက်စက်သတ်ဖြတ်သွားကြောင်း သိရှိရသည်။
စက်တင်ဘာလအတွင်း အုပ်ဖိုလ်အိုင်မှ အိမ်ခြေ ၄ လုံး၊ အောင်ချမ်းသာရွာမှ အိမ်ခြေ ၁၀ လုံး၊ ရေဦးကုန်းမှ အိမ်ခြေ ၉၇ လုံး ၊ အင်းပတ်မှ အိမ်ခြေ ၅၅ လုံး၊ အိုးသည်ကုန်းမှ အိမ်ခြေ ၅ လုံး ၊ ပေကုန်ကျေးရွာမှ အိမ်ခြေ ၅၁ လုံး၊ ဂွေးကုန်း ရွာမှာ အိမ်ခြေ ၂၁ လုံး ၊ ဘေရင်းရွာသစ်မှ အိမ်ခြေ ၃ လုံး ၊ အရှေ့တိုက်ရွာမှ အိမ်ခြေ ၆ လုံး၊ နဘက်ကြီးကျေးရွာမှ အိမ်ခြေ ၁၂၄ လုံး ၊နဘက်ငယ်မှ အိမ်ခြေ ၂၄ လုံး၊ သစ္စေးကုန်းမှ အိမ်ခြေ ၁၇ လုံး ၊ အင်တောသာ မှ အိမ်ခြေ ၁ လုံး ၊ သဲစားကျေးရွာ အရှေ့ဘက်မှ အိခြေ ၃၆ လုံး ၊ သဲစားနောက်ကျေးရွာမှ အိမ်ခြေ ၄၄ လုံး၊ အင်းနားကျေးရွာမှ အိမ်ခြေ ၉၈ လုံး ၊ ငှက်ပျောတောမှ အိမ်ခြေ ၁၂၁ လုံး ၊ သစ်တောပေါက် အိမ်ခြေ ၃၀ ၊ တစ်ဆယ်ကျဲရွာတွင် ၃၅ လုံး စုစု ပေါင်း အိမ်ခြေ ၇၂၅ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးခံခဲ့သည်။