28.6 C
Yangon

မြင်းခြံ ၊ ပျော်ဘွယ်ရွာမှ သေနတ် ၇ လက် ပျောက်ဆုံးမှု ရွာသား ၅၀၀ နီးပါးကို စစ်တပ်က ဖမ်းဆီး ညှဉ်းပန်း စစ်ကြောနေ ၊ နိုင်ငံတစ်ဝန်း ပြည်သူ ၂၈ ဦးခန့် အဖမ်းခံရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပျော်ဘွယ်စံပြကျေးရွာ အုပ်ချုပ်ရေးမှူး အိမ်မှ သေနတ် ၇ လက်ကို PDF တပ်များက ယူဆောင်သွားမှုနှင့်ပတ်သက်ပြီး အဆိုပါပျော်ဘွယ်စံပြကျေးရွာမှ ပြည်သူ ၅၀၀ နီးပါးကို စစ်တပ်က ဖမ်းဆီး ရိုက်နှက် စစ်ဆေးနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာ၂၉ရက် မွန်းလွဲ ၁နာရီအချိန် မြင်းခြံမြို့နယ်၊ ပျော်ဘွယ်၊စံပြရွာအုပ်ကြီးအိမ်မှာ တပ်စွဲနေသည့် စစ်တပ်မှ စစ်သားများက အုပ်ချုပ်ရေးမှူးနှင့်အတူ သေနတ်များကို သော့ခတ်ပြီး အရက်သွားသောက်ကြစဉ် သေနတ်များ ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“သေနတ် ၇ လက်ပျောက်သွားတဲ့ ကိစ္စနဲ့ ရွာသူရွာသားတွေ ၅၀၀ နီးပါးကို စစ်တပ်က စာသင်ကျောင်းထဲမှာ ဖမ်းဆီး ရိုက်နှက် စစ်ဆေးနေပါတယ်။ စက်တင်ဘာ ၂၉ ရက်နေ့ကတည်းက အခုထိ ထမင်းလည်း မစားကြရသေးပါဘူး
ရွာထဲက လူတိုင်း ဖုန်းပိတ်ခိုင်းထားပြီး သတင်းအမှောင်ချ ထားပါတယ်” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ စက်တင်ဘာလအတွင်း ထားဝယ်၊ စစ်ကိုင်းနှင့် မွန်ပြည်နယ်တို့တွင် အပြစ်မဲ့ ပြည်သူများ ၂၈ ဦးခန့်ကို အကြမ်းဖက် စစ်ကောင်စီ ဖမ်းဆီး ခဲ့ပြီး ဖမ်းဆီးခံရသူများတွင် မြို့ပြပျောက်ကျား WWSTF အဖွဲ့မှ တာဝန်ခံအပါ အဝင် လူအချို့ ဖမ်းဆီးခံရကြောင်း သိရှိရသည်။

တနင်္သာရီတိုင်းထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊ညင်းထွေးရွာနဲ့ ဆင်သေရွာရှိ ပြည်သူ ၁၁ဦး ကို နှစ်ရက်အတွင်း အကြမ်းဖက် စစ်ကောင်စီက ဝင်ရောက်စစ်ဆေးဖမ်းဆီးသွားကြောင်း၊ ညင်းထွေးရွာရှိ ပြည်သူ ၅ ဦးကို နေအိမ်အတွင် စက်တင် ဘာ၂၃ ရက်နေ့ နံနက် ၉နာရီခွဲကျော်တွင် ဝင်ရောက်စစ်ဆေးဖမ်းဆီးသွားခဲ့ကြောင်းနှင့် ယင်းဆင်သေရွာမှ ပြည်သူ ၆ ဦးခန့်ကိုလည်း စက်တင်ဘာ ၂၂ ရက်၊ညနေ ၃ နာရီခန့်တွင် အကြောင်းပြချက်မရှိ ထပ်မံဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“မိုင်းပေါက်ကွဲမှု တစ်ကြိမ်ဖြစ်ပွားခဲ့တော့ ကားလမ်းမတစ်လျှောက်မှာ စစ်တပ်က လိုက်စစ်ဆေးပြီးဒေသခံများကို ဓားစာခံအနေနဲ့ ဖမ်းသွားခဲ့ပါတယ်”ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ဖမ်းဆီခံ ပြည်သူ ၁၁ ဦးအနက် ၅ ဦးကို ရေဖြူမြို့နယ် ရဲစခန်းတွင် ချုပ်နှောင်စစ်ဆေးနေပြီး ကျန် ၆ ဦးမှာ သတင်းအစနမရသေးပါကြောင်း ဒေသခံများထံမှ သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်းရွှေဘိုမြို့နယ် အရှေ့ခြမ်း ကျောက်မြောင်းမြို့နယ်ခွဲ မလားရွာရှိ အပြစ်မဲ့ပြည်သူ ၇ ဦးကို အကြမ်းဖက် စစ်တပ်နှင့် မခေါက်ရွာပျူစောထီးများကစက်တင်ဘာလ ၁၄ရက်နေ့ ည ၁၀နာရီအချိန်တွင် လာရောက်ဖမ်းသွားခဲ့ပြီး ဖမ်းဆီးခံရသူ ၇ဦးမှာ ကိုဝင်းမင်းသန့်၊ မမိုးသီတာ၊ ကိုဝင်းဇော်ဦး(ကျူရှင်ဆရာ)၊ ကိုဇော်မျိုးထွန်း(ပန်းရံဆရာ)၊ကိုရန်နိုင်ဦး၊ကိုအောင်မြင့်ထွန်းနှင့်ကိုစောလှစံတို့ဖြစ်ကြာင်း ဒေသခံများထံမှ သိရှိရသည်။

ထိုသို့ ဖမ်းဆီရာတွင် ‎စက်တင်ဘာ ၁၄ရက်နေ့ နံနက်ပိုင်း မလားရွာ အခြေခံပညာမူလတန်းကျောင်းတွင်းတွင် ခဲလုံးနှင့်ဝါယာကြိုးများထည့်ထားသော အိတ်တစ်လုံးကိုတွေ့ရာ အများရှေ့တွင် ဗုံးတွေ့သည်ဟု သတင်းဖြန့်ကာ အပြစ်မဲ့ပြည်သူ ၇ဦးကို သံသယရှိသည်ဟုစွပ်စွဲဖမ်းစီးသွားခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

ထို့ပြင် မွန်ပြည်နယ် သထုံမြို့နယ်တွင်လည်း ပြီးခဲ့သည့် စက်တင်ဘာ ပထမအပတ်မှ စကာ လုပ်ငန်းရှင်များ အပါအဝင် အရပ်သားပြည်သူ ၁၀ ဦးထက်မ နည်း ဖမ်းဆီးခံလိုက်ရပြီး နေအိမ် ၂ လုံးကိုလည်း စစ်ကောင်စီဘက်က ချိတ်ပိတ်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

အလားတူ ရန်ကုန်မြို့ပြ လက်နက်ကိုင် အဖွဲ့ တစ်ခုဖြစ်သည့် Wolf Warriors STF (WWSTF) အဖွဲ့မှာလည်း တာဝန်ခံဖြစ်သူ ကိုသောကြာ အပါအဝင် လူအချို့ စက်တင်ဘာလ ရက်ပိုင်းအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ ဖမ်းဆီးခံလိုက်ရကြောင်း WWSTF အဖွဲ့က သတင်း ထုတ်ပြန်သည်။

မည်သည့် ကွင်းဆက်‎ကြောင့် အဖမ်းဆီးခံရသည်ကို အတည်မပြုနိုင်သေးဘဲ ကိုသောကြာ၏ ဖုန်းနံပါတ်ဖြင့် အဖွဲ့ဝင်ရဲဘော်အချို့ကို ဖုန်းခေါ်ဆက်သွယ်မှုများပြုလုပ်ခဲ့ကြောင်း၊ ကိုသောကြာမှာ သူရဲကောင်းတစ်ဦးဖြစ်ပြီး ဒလန်ပြန်လုပ်နေသူမဟုတ်ကြောင်း၊ ကိုသောကြာနှင့် အချိတ်ဆက်ရှိပါက အဆက်အသွယ်ဖြတ်ရန်နှင့် လာရောက်ဆက်သွယ်မှုများ ရှိပါက WSTF Page ကိုတိုက်ရိုက်ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေး ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ- ပြည်သူလူထုကို ယမန်နှစ်ကာလ ညှဉ်းပန်းနှိပ်စက် ဖမ်းဆီးနေသည့် အကြမ်းဖက်စစ်သားတစ်ဦး။

Photo- AFP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article