28.6 C
Yangon

မြဝတီမြို့နယ်၊ ဝါးမီးထကျေးရွာအနီးတွင် စစ်တပ်နှင့် VENOM စစ်ကြောင်းတို့ သုံးရက်ဆက်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၂၀ ဝန်းကျင်သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝါးမီးထကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ်နှင့် VENOM စစ်ကြောင်းကြား သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၂၀ ဝန်းကျင်သေဆုံးကြောင်း သတင်းရရှိသည်။

ဝါးမီးထကျေးရွာ သင်္ချိုင်းကုန်း အနီးတွင် စစ်ကောင်စီတပ်စခန်းချသော ကင်းစခန်းကုန်းတစ်ခုကို Venom စစ်ကြောင်းက စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဝင်ရောက်နယ်မြေရှင်းလင်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့များက ပြန်လည် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ဥကရစ်ထနဲ့ ဆုံဆည်းမြိုင်ကြားက ဝါးမီးထသင်္ချိုင်းကုန်းမှာ ကင်းထောက်စခန်းတစ်ခုကို ကျနော်တို့က နေရာတက်ယူတာ၊ အဲဒီဟာကို စစ်တပ်က သိသွားတော့ တောင်နီဘက်ခြမ်းမှာ ထိုးနေတဲ့ အင်အားတွေကို အကုန်ပြန်ခေါ်တယ်၊ ပထမကတော့ အင်အား ၈၀ ကျော်ပဲ။ ၂၈ ရက်နေ့မှာ ဝါးမီးထ ပြည်သူ့ဆေးရုံဘက်ကနေ သေနတ်ဖောက်ပြီး လာတယ်။ အဲဒီမှာ ကျနော်တို့နဲ့ တွေ့တော့ ပစ်ကြတာပေါ့။ နောက်ရက်မှာ အင်အားထပ်ဖြည့်ပြီးလာတယ်၊ အရေအတွက်တော့ မသိဘူး။ အဲဒီမှာ ၂ ရက်ဆက်တိုက်ဖြစ်တယ်။ နောက်ဆုံးရက် စက်တင်ဘာ ၃၀ မှာ ကျားထိုးပြီး တက်လာတယ်၊ ၃ ရက် ဆက်တိုက်ဖြစ်တယ်ပေါ့” ဟု VENOM စစ်ကြောင်းမှူး စောဝင်းမြင့်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အဆိုပါ ၃ ရက်ဆက် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၂၀ ဝန်းကျင် ထိခိုက်သေဆုံးပြီး VENOM စစ်ကြောင်းဘက်မှ ထိခိုက်မှုမရှိကြောင်း စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

မြဝတီ-ဝေါလေကားလမ်းပိုင်းရှိ Cobra စစ်ကြောင်းက သိမ်းပိုက်ထားသော သေ့ဘောဘိုးစခန်းကို ပြန်လည်ရရှိရန် အကြမ်းဖက်စစ်တပ်က မြောက်ဘက်ရှိ ဖလူးဘက်နှင့် တောင်ဘက်ရှိ ဝေါလေဘက်မှ စစ်ကြောင်းများဖြင့် နှစ်ဖက်ညှပ်ကာ စစ်ကြောင်းထိုး တိုက်ခိုက်နေခြင်းဖြစ်သည်။

အဆိုပါ စစ်ကြောင်းများအနက်မှ ဆုံဆည်းမြိုင်နှင့် ဝေါလေ ဘက်မှ လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် VENOM စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

“အဓိကကတော့ ဥကရစ်ထမှာ ထိုင်တဲ့အဖွဲ့နဲ့ တောင်နီဘက်ကိုသွားတဲ့ အဖွဲ့ကြားမှာ ကျနော်တို့က သွားထိုင်လိုက်တော့ သူတို့ လမ်းကြောင်းပြတ်သွားတာပေါ့၊ အဲဒါကြောင့် လာပြန်တိုက်ပြီး တိုက်ပွဲဖြစ်တာပါ” ဟု စစ်ကြောင်းမှူး စောဝင်းမြင့်က ဆက်ပြောသည်။

သေ့ဘောဘိုးစခန်းကို မေလ ၁၈ ရက်နေ့တွင် KNLA ပူးပေါင်းတပ် Cobra စစ်ကြောင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်သားအများအပြား သေဆုံးခဲ့သလို ၅ ဦးကို အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းအမြောက်အများကိုလည်း Cobra စစ်ကြောင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

VENOM စစ်ကြောင်းနှင့် အကြမ်းဖက်စစ်တပ်ကြား လက်ရှိ တိုက်ပွဲဖြစ်ပွားနေသော ဝါးမီးထကျေးရွာနှင့် တစ်မိုင်ခန့်အကွာတွင် စစ်ကောင်စီ၏ ဥကရစ်ထ စစ်တပ်စခန်းရှိပြီး အဆိုပါ စခန်းကိုလည်း VENOM စစ်ကြောင်းနှင့် ပူးပေါင်းအဖွဲ့က ဇူလိုင်လအတွင်း၌ အပြင်းအထန် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်တပ်က လက်နက်ကြီးပစ်ကူများ၊ လေကြောင်းပစ်ကူ အလွန်အကျွံအသုံးပြုခဲ့ခြင်းကြောင့် စခန်းအား သိမ်းပိုက်နိုင်ခြင်း မရှိခဲ့ပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article