ရန်ကုန်၊ အောက်တိုဘာ ၁
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ၊ မူတြော် (ဖာပွန်) ခရိုင်တွင်း ကျူးကျော်တပ်စွဲထားသော စစ်ကောင်စီ၏ ရှေ့တန်းစခန်းနှစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။
စက်တင်ဘာလ ၂၈ ရက် နံနက်တွင် စစ်ကောင်စီ၏ ခေါပုပ်စခန်းကို KNLA က ဝင်ပစ်ရာ စစ်သား ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရကြောင်း၊ ညနေ ၆ နာရီတွင် ဒွယ်လိုးမြို့နယ် လှဂွန်းပျိုစခန်းအနီး လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ပစ်ခတ်တို်က်ခိုက်ခဲ့ရာတွင် စစ်ကောင်စီ၏ ထိခိုက်ကျဆုံးမှုကို မသိရှိရသေးကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။
စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် စစ်ကောင်စီ၏ ညတခိုကျိုးစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ BGF တပ်ရင်း ၁၀၁၃ မှ တပ်ရင်းမှူး ဗိုလ်လှကြိုင်အဖွဲ့က ဒွယ်လိုးမြို့နယ်၊ ခေါဝါးထကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ၃ ကြိမ် ပစ်ခတ်ခဲ့ရာ နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်သည် ကော်သူးလေအုပ်ချုပ်နယ်မြေ၊ KNU တပ်မဟာ ၅ ဒေသတွင် စစ်ရေးလှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်လာခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်နေခြင်းကြောင့် KNLA နှင့် နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။
ဓါတ်ပုံ – KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်ပါသည်)