29 C
Yangon

မန္တလေးအိုးဘိုထောင်တွင် အကျဉ်းသား တစ်ဦး အရေးပေါ်ကျန်းမာရေး ချို့ ယွင်း စဉ် ဆေးကုသမှု မရ၍ ဆုံးပါးသွား၊ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများအပေါ် စစ်တပ်၏ ဖိနှိပ်မှု အလွန်ဆိုးရွားလာ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁

နိုင်ငံရေးအကျဉ်းသားအများစု ဖမ်းဆီးချုပ်နှောင်ခံထားရသော အင်းစိန်ထောင်၊ ပဲခူးထောင်၊ အိုးဘိုထောင်တို့တွင် အကျဉ်းသားများအပေါ် စစ်ကောင်စီ၏ ဖိနှိပ် ညှဉ်းပန်းမှု အခြေအနေများ အလွန်ဆိုးရွားလာနေပြီး အိုးဘိုးထောင် အကျဉ်း သား တစ်ဦး ကျန်းမာရေးချို့ယွင်းစဉ် ဆေးကုသမှု မရ၍ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

မန္တလေး အိုးဘိုထောင်တွင် နိုင်ငံရေးအကျဉ်းသားများအပေါ် စစ်ကောင်စီက ဖိနှိပ်မှုများစွာ လုပ်ဆောင်နေကြောင်း ၊ အိုးဘိုထောင်တွင် ကျန်းမာရေးစောင့်ရှောက်မှု များစွာ လိုအပ်နေကြောင်း သိရှိရသည်။

အိုးဘိုထောင်တွင် စက်တင်ဘာလ ၁၇ ရက်နေ့တွင် အိပ်ဆောင်(၃) အခန်း ၆ မှ အကျဥ်းသားတစ်ဦး ည ၇ နာရီ အချိန်တွင် အရေးပေါ်ဆေးကုသမှုခံယူရန် လိုအပ်နေသည့်အတွက် တာဝန်ကျအကျဥ်းဦးစီးဝန်ထမ်းများအား အကြောင်း ကြားခဲ့ကြောင်း၊ သို့သော် လာရောက်ဆေးကုသခြင်းမရှိသောကြောင့် ည ၁၀ နာရီ ၄၅ မိနစ် အချိန်တွင် အသက်ဆုံးရှုံးခဲ့ရကြောင်း၊ ထိုဖြစ်စဉ်အတွက်နိုင်ငံ ရေးအကျဥ်းသား၊ အကျဉ်းသူ များနှင့် အခြားအကျဥ်းသား၊ အကျဉ်းသူ များက မန္တ လေး အိုးဘိုအကျဥ်းဦးစီးဋ္ဌာနအားပြင်းထန်စွာဝေဖန်ရှုတ်ချကြောင်း နိုင်ငံရေးအကျဉ်းသားများ အသိုင်းအ၀ိုင်းက ပြောသည်။

အိုးဘိုထောင်တွင် နိုင်ငံရေးအကျဥ်းသားများအားဖိနှိပ်မှုများရှိနေခြင်း၊ အပြစ်ရှာတိုက်ပိတ်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ ကောင်းစွာမရရှိခြင်း၊ ထောင် ပိုင်ကြီး(ခေါ်)အကျဥ်းဦးစီးဋ္ဌာနအကြီးအကဲမှ နိုင်ငံရေးအကျဉ်းသားများကို လှောင် ပြောင်ပြောဆိုခြင်းများအတွက် ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း အိုးဘိုထောင် နိုင်ငံရေးအကျဥ်းသား/သူ များက သတိပေးချက် ထုတ်ပြန်ထားသည်။

အလားတူ အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ကြိုတင်ကြေညာခြင်းမရှိဘဲ ထောင်များကို ရုတ်တရက်‌ ပြောင်းရွှေ့ခြင်း၊ နိုင်ငံရေးအကျဉ်းသားများကို မထင်လျှင် မထင်သလို ထောင်အာဏာပိုင်များက ရိုက်နှက်ခြင်း၊ ဆေးကုသခွင့်မပေးခြင်း၊ ထောင်ဝင်စာများ ပုံမှန် မရရှိစေရန် လုပ်ဆောင်ခြင်း၊ ပြင်ပရှိ မိသားစုများထံမှ ငွေကြေး တောင်းခံခိုင်းခြင်း၊ ထောင်တွင်း နိုင်ငံရေး၊ ဆန္ဒပြ လှုပ်ရှားမှုများ မလုပ်စေရန် အခန်းများကို ရှာဖွေခြင်း၊ ရိုးရိုး ပြစ်မှု ကျ အကျဉ်းသားများနှင့် နိုင်ငံရေးအကျဉ်းသားများ ပြဿနာတက်စေရန် ဖန်တီးခြင်း စသည့် အလွန်ဆိုးဝါးသော ဖိနှိပ်မှုများ လုပ်ဆောင်နေကြောင်း၊ ထို့ပြင် နိုင်ငံရေးအကျဉ်းသားများကို အကြောင်းမဲ့တိုက်ပိတ်မှုများ လုပ်ဆောင် နေကြောင်း သိရှိရသည်။

ထို့ပြင် ပဲခူးထောင်တွင် ယင်းကဲ့သို့ သော အခြေအနေများ ကြုံတွေ့နေရပြီး ပဲခူးအချုပ်ထောင်မှ ဒုတပ်ကြပ် ကောင်းမြတ်ကျော်က နိုင်ငံရေးအကျဉ်းသားများထံမှ ငွေကြေးအဆမတန်တောင်းယူနေကြောင်း၊ ထောင်တာ၀န်ခံ အရာရှိ ဆွေးမျိုးလှိုင်က ငွေကြေးကောက်ခံ၊ တောင်းယူမှုများကို သိရှိသော်လည်း မသိယောင်ဆောင်ပြီး ဝေစား မျှစား လုပ်ဆောင်နေကြောင်း သိရှိရသည်။

နိုင်ငံရေးအကျဥ်းသားများအနေဖြင့် ထောင်မပြောင်းလိုပါ က တစ်ဦးလျှင် ငွေကျပ် ၃ သိန်း ၅ သိန်းအထိ လည်း ကောင်း၊ ထောင်တွင်း အဆင်ပြေပြေ နေလိုပါက ငွေကျပ် ၃ သိန်းမှ ၅ သိန်းပေးရမည်ဟူ၍ လည်းကောင်း ငွေကြေးများ လိုက်လံ လိမ်လည်တောင်းခံကြောင်း၊ နိုင်ငံရေးအကျဉ်းသားအများစုမှာ ပဲခူးထောင်ပိုင်များဘက်က တောင်းဆိုသည့် ငွေကြေး မပေးကြောင်း ၊ ထို့ကြောင့် နိုင်ငံရေးအကျဉ်းသားများနှင့် အခြားရိုးရိုး ပြစ်မှု ကျ အကျဉ်းသားများကို ထောင်ပြောင်းစေလွှတ်ခြင်း၊ထောင်ထဲတွင်အလုပ်များ လုပ်ခိုင်းစေခြင်း၊ ဘာယာ‌စောင့်ခိုင်းစေခြင်း၊အုတ်ရိုးစောင့်ခိုင်းစေခြင်းများကို လုပ်ဆောင် နေလျက်ရှိကြောင်း သိရှိရသည်။

ပဲခူးထောင်ဝန်ထမ်းလွှမ်းမိုးသူကလည်း ပဲခူးထောင်အတွင်း၌ သော့များ၊ထောင်အတွင်းသုံးသည့်ထုံးများ၊ရေစက်မီးစက်များ၊စာရေးကိရိယာဘောပင်ကအစ ပစ္စည်းများ ဝယ်ယူရန်ဟုဆိုကာ နိုင်ငံရေးအကျဉ်းသားများထံ မှ ငွေကြေးကောက်ခံကြောင်း ၊ ထောင်တွင်းစာအုပ်စာပေ တင်သွင်းမှုနှင့် ဖတ်ရှုမှုကိုလည်း ပိတ်ပင်ထားကြောင်း၊ ဘာသာရေး တရားဓမ္မစာပေ စာအုပ် ခိုးဝှက်တင်သွင်းဖတ်ရှုလျှင် တိုက်ပိတ်မှုများလုပ်ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- မြန်မာ့အကျဉ်းထောင်မြင်ကွင်း။ (ပုံအဟောင်းဖြစ်သည်)

Photo- Tom Kramer

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article