ရန်ကုန်၊ အောက်တိုဘာ ၁
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြောက်ကျွန်းကျေးရွာရှိ စစ်ကောင်စီတပ်က အထိုင်ချ တပ်စွဲထားသော ယာယီ အခြေစိုက်စခန်းကို PDF တပ်ပေါင်းစုက ယနေ့ နံနက်ပိုင်း တိုက်ခိုက် သိမ်းပိုက်သဖြင့် စစ်ဗိုလ်တစ်ဦး အပါအဝင် စစ်သား ၆ ဦးသေဆုံးကြောင်း MGN Ranger မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၁ ရက်နေ့ နံနက် အရုဏ်တက်ချိန်တွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ၏ အနောက် မြောက် ဘက်တွင်ရှိသော မြောက်ကျွန်းရွာရှိ စစ်တပ်အခြေချစခန်းကို PDF တပ်ပေါင်းစု ၉ ဖွဲ့က ဝင်ရောက် တိုက်ခိုက်ကြကြောင်း၊ ၄၅ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်ပြီးနောက် စစ်ဗိုလ်တစ်ဦး၊ အပါအဝင် စစ်သား ၆ ဦး သေဆုံးသွားကြောင်း၊ ကျန်စစ်သားများမှာ ဒဏ်ရာများဖြင့် စခန်းကို ညာသံပေးပြီး စွန့်ထွက်ပြေးကြကြောင်း ၊ PDF များက စခန်းကို သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။
“အခု စစ်တပ်က မြောက်ကျွန်းရွာသား ၅ ဦးကိုလည်းဖမ်းထားပြီး ရွာထဲမှာစစ် ဆေးနေပါတယ်။ ရွာအဝင်အထွက်ကိုလည်းပိတ်ထားပါတယ်။ သေဆုံးဗိုလ်က တပ်မ ၈၈က ပါ” ဟု MGN Ranger မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ပြောဆိုသည်။
ယင်းနောက် အနိမ့်ကျေးရွာမှ စစ်ကူများ ရောက်ရှိလာသဖြင့် မဟာမိတ် PDF တပ်ပေါင်းစု က ပြန်လည် ဆုတ်ခွာခဲ့ကြောင်း၊ တိုက်ပွဲအပြန်လမ်းတွင် သေဆုံးသွားသော စစ်ဗိုလ်အရာရှိ၏ ၃ နှစ်အရွယ်ကလေးနှင့် ဇနီးကို တွေ့ရှိသော်လည်း လူသားချင်းစာနာထောက် ထားသော အားဖြင့် အသက်ချမ်းသာပေးခဲ့ကြောင်း သိရှိရသည်။
တိုက်ခိုက်မှုကို MGN-RANGER (မြင်းခြံခရိုင်တပ်ရင်း ၂) ၊ People Defense Force- Taloke (မြင်းခြံခရိုင်တပ်ရင်း ၂ ) ၊ MDY-PDF (မန္တလေးခရိုင် တပ်ရင်း ၃ )၊ Phoenix အထူးပြောက်ကျားတပ်၊ ဒေါင်းညီနောင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ YSO -ISA ၊ Mobile People Defense MDF ၊ Black Wolf People Defense Force ( မန္တလေးခရိုင်တပ်ရင်း ၃ ၊ တပ်ခွဲ ၃ )၊ CDSOM တောင်ပိုင်း(ဗိုလ်ကျားသစ်အဖွဲ့) တို့က ပူးပေါင်းတိုက်ခိုက်ကြကြောင်း သိရှိရသည်။