ရန်ကုန်၊ အောက်တိုဘာ ၂
အကြမ်းဖက်စစ်ကောင်စီတပ် လက်အောက်ခံ နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) BGF ၏ တပ်ရင်း ၁၀၁၄ တပ်ရင်းမှူး ဗိုလ်မောင်ချစ်သည် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်အတွင်းရှိ ကျေးရွာအချို့အနီးတွင် မိုင်းများ ထောင်သည့်အပြင် အချို့ကျေးရွာများကို ခရီးသွားလာခွင့် ပိတ်ပင်ထားကြောင်း KNU မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။
BGF ၁၀၁၄ တပ်ရင်းမှူး ဗိုလ်မောင်ချစ်သည် ဒွယ်လိုးမြို့နယ်၊ ကတိုင်တိကျေးရွာအုပ်စုအနီး တပ်စွဲထားသော တပ်နယ် ၃ မှ ဒုတပ်ခွဲမှူး တာတူးနှင့်အဖွဲ့ကို ပိုကြည်ကျေးရွာအတွင်းသို့ စက်တင်ဘာလ ၂၉ ရက် ညပိုင်းတွင် ဝင်ရောက်စေကာ ကျေးရွာ ပတ်ပတ်လည်တွင် မိုင်းများ ထောင်ခိုင်းခြင်းကြောင့် ဒေသခံ ရွာသားများ စိုးရိမ်ထိတ်လန့်နေကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။
ယင်းအပြင် ဒေသတွင်းရှိ ပိုကြည်၊ မဲကုလား၊ လယ်ကွဲ၊ တခေါ်ခို့ရွာများအပါအဝင် ဖာပွန်-ကမမောင်းကားလမ်းနံဘေးရှိ ကျေးရွာများကို တစ်ရွာနှင့် တစ်ရွာ သွားလာခြင်းမပြုရန် ညွှန်ကြားထားကြောင်း သိရှိရသည်။
အလားတူ ယွန်းစလင်းမြစ်အရှေ့ခြမ်းရှိ မယ်ပလီ၊ ကျော်ကလိုး၊ တခေခို၊ တလာအောခိုမှ ကျေးရွာသားများအနေဖြင့် ကမမောင်းမြို့သို့ ခရီးသွားလာခွင့်ကို ပိတ်ပင်လိုက်သည်ဟု မူတြော်သတင်းစဉ်က ဖော်ပြသည်။
ခွီဒိုကျိုး၊ မကွီခို၊ တလာအောခိုကျေးရွာများမှ ကျောင်းသားများ နို့ထစာသင်ကျောင်းသို့ သွားလာရာတွင် အသုံးပြုသည့် ဒေသတွင်းရှိ ထီးလာပလယ်ထ တံတားကို BGF က ဖြတ်သန်းခွင့်မပြုကြောင်း KNU တပ်မဟာ ၅ က သတင်းထုတ်ပြန်သည်။
ဓါတ်ပုံ – နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) တပ်ဖွဲ့ဝင်များ (ပုံအဟောင်း ဖြစ်ပါသည်)