ရန်ကုန်၊ အောက်တိုဘာ ၂
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း၌ ဖြတ်သန်းသွားလာသော အကြမ်းဖက်စစ်ယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက အောက်တိုဘာလ ၂ ရက် ယနေ့နံနက်တွင် ၂ ကြိမ်မိုင်းခွဲတိုက်ခိုက်ရာ စစ်သား သေဆုံးထိခိုက်မှုများနိုင်ကြောင်း သတင်းရရှိသည်။
စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ မှ မုံရွာဘက်သို့ ထွက်ခွာလာသော Jammer ကား ၁ စီးနှင့် စစ်ကား ၅ စီးပါ စစ်ယာဉ်တန်းကို မြင်းမူမြို့နယ် ဝမ်းပြည်ကျေးရွာနှင့် အလ္လကပ္ပရွာကြား၌ ယနေ့နံနက် ၁၁ နာရီ ၄၇ မိနစ်တွင် People’s Army To Fight Dictatorship(PAFD).တပ်ခွဲDK PDF(MMU)
People’s knight Defense Force Myinmu (PKDF-MMU) TAUNGTHA People Defense Force (TTAPDF) ၊ D.B.B.F-MMU မဟာမိတ်အဖွဲ့များသည် ပဒေသာမိုင်း ၆ လုံး၊ ရှေ့ထွက်မိုင်း ၄ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ စစ်သားထိခိုက်သေဆုံးမှု များနိုင်ကြောင်း သိရှိရသည်။
အဆိုပါ စစ်ယာဉ်တန်းကို အလ္လကပ္ပကျေးရွာနှင့် ဘိုးမင်းကြီးကင်းရွာကြား၌ နံနက် ၁၁ နာရီ ၅၂ မိနစ်တွင် ဒေသကာကွယ်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ ၄ စီးမြောက်ကားကို ထိထိမိမိ ဖောက်ခွဲနိုင်သဖြင့် စစ်သားသေဆုံးမှု များနိုင်သည်ဟု မြင်းမူလင်းယုန်နက်ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။
စစ်ဆင်ရေးကို Black Eagle Defence Force – MMU၊ Myinmu၊ Civil Revolution Force – CRF Myinmu၊ People’s Defence Force Myinmu -MMU၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး နှင့် လုံခြုံရေးအဖွဲ့-CDSOM၊ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့ စသည့်မဟာမိတ်အဖွဲ့များနှင့်အတူ မြင်းမူမြို့နယ် ပ.က.ဖ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ကိုင်းခရိုင် တပ်ရင်း(၆)တပ်ခွဲ(၂) တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်းတွင် ပျူစောထီးများနှင့် Pauk Revolution Front တို့ တိုက်ပွဲဖြစ်ပွားပြီး ပျူစောထီး ၂ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။
ပေါက်မြို့နယ်၊ ကျောက္ကာကျေးရွာအနီး ကင်းစောင့်နေသော ပျူစောထီးများနှင့် PRF ကြား ယနေ့နေ့လယ် ၁ နာရီခွဲ၌ ထိတွေ့တိုက်ပွဲ နာရီဝက်ခန့် ဖြစ်ပွားပြီး ပျူစောထီးဘက်မှ ၂ ဦးသေဆုံးက ၃ ဦး ဒဏ်ရာရခြင်းဖြစ်ကြောင်း PRF က ထုတ်ပြန်ထားသည်။
ဓါတ်ပုံ – စစ်ကားတစ်စီးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ပုံအဟောင်း ဖြစ်ပါသည်)